
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် အနီးတစ်ဝိုက်နေရာများကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယနေ့ စက်တင်ဘာ ၁၂ ရက်ထုတ် စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း ဗန်းမော်မြို့အနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဗန်းမော်မြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများဆက်လက်ရှိနေပြီး အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၂၁) မှလွဲ၍ ကျန်သည့်တပ်ရင်း သုံးခုတွင် စစ်ကော်မရှင်က ခုခံစစ်ဖြင့်သာ အပြင်း အထန်တိုက်ခိုက်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“စစ်တပ်က တပ်ရင်းသုံးခုကို သိမ်းသွားတာတော့ မှန်တယ်။ ကျန်တဲ့နေရာတွေကတော့ KIA ထိန်းချုပ် ထားဆဲပါ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗန်းမော်မြို့ရှိ ခလရ ၂၃၆၊ အမတ ၃၆၆၊ တကရ ၅၀၁၄ နှင့် ဗန်းမော်လေဆိပ်၏ တစ်စိတ်တစ်ပိုင်းကို ပြန်လည်သိမ်းပိုက်ခဲ့သော စစ်ကော်မရှင်တပ်များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ထိုးစစ်ကို လေကြောင်းနှင့် ဒရုန်းအကူအညီဖြင့် အဓိကထား ခုခံတိုက်ခိုက်နေရကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းအနီးသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းသည် KIA နှင့်ပူးပေါင်းတပ်ဖွဲ့၏ တန်ပြန်ထိုးစစ်တိုက်ခိုက်ခံရပြီး တပ်ရင်းမှူး တစ်ဦး သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်က ဗန်းမော်တိုက်ပွဲအတွင်း KIA ဘက်မှ ၄,၀၀၀ ကျော် ကျဆုံးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ထိုမျှအင်အားမသုံးထားပါဟု ဒေသတွင်းမီဒီယာများကို ဖြေကြားထားသည်။
လက်ရှိတွင် ဗန်းမော်မြို့ရှိ နေရာသုံးခု၌ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်သည် ခုခံစစ်ဖြင့်သာ တိုက်ခိုက်နေရကြောင်း သတင်းရင်းမြစ်များက ထပ်မံအတည်ပြုသည်။
ဓာတ်ပုံ-MOI
ပုံစာ- ဗန်းမော်ကို ထိန်းချုပ်နိုင်ပြီဟုဆိုကာ စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည့် ဓာတ်ပုံများ။