
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တပ်ဖွဲ့အတွင်း ဆွေးနွေးတိုင်ပင်ခြင်း မရှိသေးသော်လည်း ပြည်သူ့ဆန္ဒအတိုင်း ဒေသအခြေအနေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၏ ပြောရေး ဆိုခွင့်ရှိသူထံမှ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ခွဲထွက်ထားသည့် KNU/KNLA-PC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပေါ် ၎င်းတို့၏သဘောထားကို ဧရာဝတီတိုင်းမ်က မေးမြန်းရာတွင် ထိုသို့ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲဆိုတာကတော့ ဒီမိုကရေစီရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့်မို့ မကန့်ကွက်၊ မဆန့်ကျင်သလို ထောက်ခံတယ်လည်း မဟုတ်ဘူး။ ပြည်သူတွေရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ ဒေသအခြေ အနေတွေနဲ့အညီ လိုက်ပါသွားမယ်” ဟု KNLA-PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
KNLA-PC သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ် ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) တွင် ပါဝင်ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဖွဲ့အတွင်း သီးခြားဆွေးနွေးတိုင်ပင်ခြင်းမျိုး မရှိသေးဘဲ မဟာမိတ်အဖွဲ့၏ သဘောတူညီချက်အတိုင်း ဆောင်ရွက်မည်ဟု ဆိုသည်။
အဆိုပါ 7 EAO Alliance စုဖွဲ့မှုတွင် ဆွေးနွေးမှုများအရ ဒီမိုကရေစီစနစ်၌ အဓိကခရာကျသည့် အစိတ်အပိုင်းဖြစ်သဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို သွားမည့်သူများအနေဖြင့် ရွေးကောက်ပွဲ လုပ်သင့်လုပ်ထိုက်သည်ဟု သဘောတူထားကြောင်း ယင်းအဖွဲ့၏ ပြောခွင့်ရဖြစ်သူထံက သိရသည်။
“ဒီမိုကရေစီ ကျင့်စဉ်အရ သွားမယ့်လူတိုင်း ရွေးကောက်ပွဲဆိုတာ အရေးပါတယ်လို့ ကျွန်တော်တို့ နားလည်မှုတူတယ်။ သို့သော် နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခြေအနေက ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ အချက်နှစ်ချက် လိုအပ်နေတယ်” ဟု 7 EAO Alliance ၏ ပြောခွင့်ရလည်းဖြစ်သူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။
ယင်းအချက်နှစ်ချက်မှာ ရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု မည်မျှအထိ အားကောင်းနိုင်မည်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးတို့ဖြစ်ပြီး ထိုအရာကို 7 EAO Alliance အတွင်း နားလည်မှုယူထားသော်လည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ကမူ ဝန်းရံကူညီမည်ဟု ထုတ်ပြန်လာသည်။
အပစ်ရပ်၍ စစ်ကော်မရှင်နှင့် ထိတွေ့ဆက်ဆံနေသည့် 7 EAO Alliance တွင် DKBA လည်း ပါဝင်ပြီး နိုင်ငံ၏ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲရေးဖြစ်သဖြင့် စစ်ကော်မရှင် ရွေးကောက်ပွဲကို ပြည်သူနှင့်အတူ အတတ်နိုင်ဆုံး ဝန်းရံကူညီသွားမည်ဖြစ်ကြောင်း ယမန်နေ့ စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ထားသည်။
ထို့အပြင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ပဋိပက္ခများကို စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့်သာ အဖြေမှန်အား ရှာဖွေနိုင်မည်ဟု DKBA က ယုံကြည်ကြောင်း ဖော်ပြထားကာ တစ်ဖက်တွင် စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုကို ကြုံတွေ့ခံနေရလျက်ရှိကြောင်း သိရသည်။
အလားတူ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ကလည်း ယင်းရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ် အတွက် ဒီမိုကရေစီစနစ်သို့ ဦးတည်ကာ ပြည်သူအများ၏ တည်ငြိမ်အေးချမ်း လုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် BGF အနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ကူညီပေးလျက် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ်မရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သလို အပြည့်အဝထောက်ခံကြောင်း စက်တင်ဘာ ၃ ရက်က ဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့အနက် စစ်ကော်မရှင်က မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော KNU သည် နယ်မြေဒေသအများစုကို စိုးမိုးသိမ်းပိုက် ထားပြီး လူထုမပါသော အတုအယောင် ရွေးကောက်ပွဲအား လုံးဝလက်မခံဟု တရားဝင် ပြောဆို ထားသည်။
ဓာတ်ပုံ-KNLA-PC