
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
အာရက္ခတပ်တော်(AA)မှ လေ့ကျင်သင်ကြားပေးပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ဦးဆောင်ပြုလုပ်သည့် ငါးလ ဝန်းကျင်ကြာမြင့်သော NCO(အကြပ်) အပတ်စဉ်-၂ သင်တန်း ဆင်းပွဲ အခမ်းအနားကို ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့ကပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို Force For Federal Democracy(FFD)တပ်ဖွဲ့မှလည်း သင်တန်းတက်ရောက် ခွင့်ရရှိခဲ့ပြီး FFD တပ်ဖွဲ့မှ စစ်မေနှစ်ဦးမှာ သင်တန်းပြီးဆုံးအောင်မြင်ခဲ့ကာ စစ်မေခရောင်းမှ စာပေဆုနှင့် စစ်မေကျူးလစ်မှ ကျန်းမာရေးဆု အသီးသီးထူးချွန်ဆုများ ရရှိခဲ့ကြောင်း သိရသည်။
“သင်တန်းကာလက ငါးလကျော် ခြောက်လခန့်ကြာမြင့်တယ်။ သင်တန်းကာလအတွင်းမှာလည်း တော်တော့်ကို ခက်ခက်ပင်ပန်း ဆင်းရဲတဲ့သင်တန်းကာလကို ဖြတ်ကျော်ခဲ့ရတယ်။ သင်ခန်းစာတွေ ကိုဖြတ်ကျော်ခဲ့ရတယ်ပေါ့နော်။ အာရက္ခတပ်တော်(AA) ကသင်တန်းဆရာတွေ သင်တန်းမှူးတွေ ကလည်း တကယ့်ကို စစ်သားကောင်း၊ ခေါင်းဆောင်ကောင်တွေဖြစ်အောင် သေသေချာချာစနစ်တကျ လေ့ကျင့်သင်ကြား ပျိုးထောင်ပေးခဲ့တယ်လို့မြင်ပါတယ်” ဟု FFD တပ်ဖွဲ့မှ ဒု-တာဝန်ခံအောင်အောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါသင်တန်းကို BPLA နှင့်အတူ FFD၊ ရန်ကုန်တိုင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)၊ သေမင်းတမန် (HOD-PDF)၊ ပကဖ(ကဝ)နှင့် ပကဖ(အင်းတော်) တို့မှ သင်တန်းသူ၊ သင်တန်းသားများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“သင်တန်းကို စနစ်တကျလေ့ကျင့်သင်ကြားပေးတဲ့ AA ၊ နောက်ပြီးတော့ လိုအပ်တဲ့ စီစဉ်မှုတွေ ချိတ်ဆက်ဆောင်ရွက်ပေးတဲ့ KNLA၊ ကျွန်တော်တို့ကို သင်တန်းတက်ရောက်ခွင့်ပေးခဲ့တဲ့BPLA အသီးသီးကို ကျေးဇူးတင်ကြောင်းလည်း ဒီနေရာကနေထပ်လောင်း ပြောကြားလိုပါတယ်” ဟု FFD တပ်ဖွဲ့ ဒုတာဝန်ခံက ဆက်လက်ပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်မဟာ(၅) တပ်မဟာ မှူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးများ၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်မှူး များ၊ Force For Federal Democracy (FFD)တပ်ဖွဲ့မှ ဒု-တာဝန်ခံ ကိုအောင်အောင်၊ အခြား မဟာမိတ် ခေါင်းဆောင်များ နှင့် တပ်မှူးများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – FFD၊ BPLA