ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

 

မွန်ပြည်နယ်၊ ရေးမြို့နယ်သို့ ပါတီမဲဆွယ်စည်းရုံးရန် သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်မြသီတာနှင့် ပါတီဝင်သုံးဦးသည် ဖမ်းဆီးခံရပြီး ၂ ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က ဒေါ်မြသီတာနှင့်အဖွဲ့သည် ကျိုက်ထိုမြို့မှ ရေးမြို့နယ်ကို သွားရောက်စဉ် သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

 

“ရေးမှာရှိတဲ့ ပါတီရုံးကိုသွားတာ၊ ရေးလမ်းပိုင်းမှာ အဆက်အသွယ်ပြတ်သွားတာ။ အားလုံး လေး ယောက်ပါ။ ခုတော့ ပြန်လွတ်လာပါပြီ” ဟု PPP ပါတီဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းတို့ကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ နံနက် အစောပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကာ မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးသည်ကို အတည် ပြုနိုင်ခြင်းမရှိသလို ပါတီဘက်မှလည်း ထုတ်ဖော်ပြောဆိထားခြင်းမရှိပေ။

 

အဆိုပါလမ်းပိုင်းသည် လက်ရှိတွင် စစ်ကော်မရှင်နှင့် ပြည်သူ့စစ်များ ထိုးစစ်ဆင်နေသည့် လမ်းပိုင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

“သူတို့အချင်းချင်း လူမှားဖမ်းတာနေမှာ။ အဲဒီလမ်းမှာ ခုစစ်တပ်က ထိုးစစ်ဆင်နေတာ။ တော်လှန်ရေး တပ်တွေ မရှိဘူး။ သူတို့ဖမ်းပြီး ခုပြန်လွှတ်ပေးလိုက်တာနေမှာ။ တော်လှန်ရေးဘက်ကအဖွဲ့တွေ ဖမ်းရင် ထုတ်ပြန်တာမျိုး၊ ကြေညာတာမျိုး လုပ်တာတွေ့ရမယ်။ ခုဟာက ပါတီဘက်ရော၊ စစ်တပ်ဘက်က လော်ဘီတွေရော တိတ်နေတယ်” ဟု ရေးမြို့နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ပါဝင်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လက ထုတ်ပြန်ထားသည်။