
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
မန္တလေးမြို့ရှိ Cover ကလပ်တွင် ဗုဒ္ဓံသရဏံဂစ္ဆာမိ ဓမ္မတေးကို DJ သံစဉ်ဖြင့် တီးခတ်မှုကြောင့် အဆိုပါကလပ် ချိတ်ပိတ်ခံရပြီး၊ ယင်းသီချင်းကို ဖန်တီးခဲ့သူ မခင်ထွေးထွေးမွန် (DJ Violet) က သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံ ဝန်ချတောင်းပန်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်ညပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ Cover ကလပ်တွင် DJ Violet က ၎င်းဖန်တီးထားသည့် ဗုဒ္ဓံသရဏံဂစ္ဆာမိ DJ သံစဉ်ကို ဖွင့်လှစ်ခဲ့သည်။
ထိုရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် သာသနာညှိုးနွမ်းစေမှုဖြစ်၍ အရေးယူရန် လိုအပ်ကြောင်းကို စစ်ကော်မရှင်လက်ဝေခံများကလည်း ဝေဖန်ခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၁ ရက်ညပိုင်းတွင် Cover ကလပ်ကို စီးနင်းကာ ဝန်ထမ်း ၈ ဦးကို စစ်ဆေးရန် ထိန်းသိမ်းခဲ့ပြီး၊ ဆိုင်ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ DJ Violet က စက်တင်ဘာ ၁၁ ရက်နေ့တွင် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံ သွားရောက်ဝန်ချတောင်းပန်ခဲ့ပြီးနောက် ဆရာတော်ငါးပါးကလည်း “ရဟန်းရှင်လူပြည်သူများကိုယ်စား ခွင့်လွှတ်ပါကြောင်း” လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
“ကျွန်မကိုယ်တိုင်က ဗုဒ္ဓဘာသာဖြစ်နေပါလျက်နဲ့ သတိမပြုမိဘဲ လုပ်မိတဲ့အမှားအတွက် အားလုံးကို အနူးအညွန့် တောင်းပန်ပါတယ်။ နောက်အဲဒီလိုအမှားမျိုး မဖြစ်အောင် ဆင်ခြင်ပါ့မယ်” ဟု DJ Violet က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် ၎င်း၏ဝန်ချတောင်းပန်စာတွင် ဘာသာရေးဆိုင်ရာနှင့်ပတ်သက်ပြီး အကျွမ်းတဝင်မရှိမှုကြောင့် ပျော်ပွဲရွှင်ပွဲတွင် သီဆိုကခုန်မိခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးကို ထိခိုက်စေခဲ့မိသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ဖော်ပြထားသည်။
မူရင်းဗုဒ္ဓံသရဏံဂစ္ဆာမိ ဓမ္မတေးကို မောင်စစ်ငြိမ်းက ရေးသားခဲ့ပြီး တေးသံရှင် စိုးပိုင်က မူရင်းသီဆိုခဲ့ကာ အဆိုတော် ပိုးအိစံကလည်း ပြန်လည်သီဆိုထားသည်။
ဓာတ်ပုံ – DJ violet, cover entertainment-mdy