NUG က ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ် (၅၄) အား ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံအဖြစ် သတ်မှတ်
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ခြံအမှတ် (၅၄ – ၅၆)တက္ကသိုလ်ရိပ်သာလမ်းတွင်တည်ရှိသော နေအိမ်ကို အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။
ယာယီသမ္မတဒူဝါလရှီးလက လက်မှတ်ရေးထိုးထားသည့် အဆိုပါကြေငြာချက်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမပေါ်ရှိ ခြံအမှတ်
(၅၄-၅၆)၊ ခြံဝန်းဧရိယာ (၁.၉၂၃) ဧကနှင့် ယင်းမြေဧရိယာ (၁.၉၂၃) ဧကပေါ်တွင်ရှိသော ရွှေ့ပြောင်း၍ မရသည့် အဆောက်အအုံ အားလုံးအား ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ရေးသားဖော်ပြထားသည်။
အဆိုပါကြေငြာချက်အရ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယင်းမြေနှင့် အဆောက်အအုံနေရာအား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်းရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများအား တင်းကြပ်စွာတားမြစ်ထားသည်။
ထို့အပြင် အပိုဒ်-၂ ပါ တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်အဖွဲ့အစည်းအား အမည်မည်းစာရင်း (Black List) ထည့်သွင်းသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရေးသားထုတ်ပြန်ထားသည်။
ဓာတ်ပုံ – Asia News
#ဒေါ်အောင်ဆန်စုကြည် #NUG #ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံ
#Ayeyarwaddy_Times