
သြဂုတ်လအတွင်း မွန်ပြည်နယ် မြို့နယ် ၃ ခုက နေအိမ် ၁၀ လုံးချိတ်ပိတ်ခံခဲ့ရ
နိုင်း၊ ဧရာဝတီတိုင်းမ်
(မွန်)၊ စက်တင်ဘာ ၂ ရက်
မွန်ပြည်နယ်တွင် ပြီးခဲ့သည့်သြဂုတ်လအတွင်း စစ်ကောင်စီတပ်ကနေအိမ် ၁၀ လုံးကို ချိတ်ပိတ်ခဲ့ကြောင်းဒေသခံများထံကသိရသည်။
ပေါင်မြို့မှ နေအိမ် ၆လုံး၊ ကျိုက်ထိုမြို့မှ နေအိမ် ၃ လုံး၊ ရေးမြို့မှ နေအိမ် ၁ လုံးပါဝင်ပြီး တက်ကြွလှုပ်ရှားသူများ ၊ NLD ပါတီဝင်များ၏နေအိမ်များပါဝင်ကြောင်းသိရသည်။
“ကျိုက်ထိုမှာက ဩဂုတ်လအတွင်းဆိုရင်တော့ ၂ လုံးပေါ့၊ အရင်မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိအိမ်လဲ ချိတ်ပိတ်ခံရတဲ့ထဲပါတယ်” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ပေါင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ နေအိမ် ၆ လုံးကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ လာရောက်ချိတ်ပိတ်သွားပြီး ပိုင်ရှင်အများစုမှာလည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။
အလားတူ ရေးမြို့နယ်အတွင်းတွင်လည်း သြဂုတ်လအတွင်း ရေးဘီလူးPDFအဖွဲ့ခေါင်းဆောင်၏ နေအိမ် ချိတ်ပိတ်ခံခဲ့ရကြောင်းဒေသခံများထံကသိရသည်။
နိုင်ငံရေးအကျဥ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း-AAPP ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်က ၄င်းတို့ကိုဆန့်ကျင်တဲ့သူတွေရဲ့နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းတာ နိုင်ငံတဝှမ်း နေအိမ်အလုံးရေ ၇၆၀ ထိရှိပြီကြောင်းသိရသည်။
#AyeyarwaddyTimes