
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ရက်
ဘင်္ဂလားဒေ့ရှ်ဘက်မှ ငါးဖမ်းဘုတ်များတွင် ငါးဖမ်းသမားများ ဟန်ဆောင်၍လိုက်ပါလာသူများက အာရက္ခတပ်တော် (AA) မှ အရာရှိတစ်ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးတို့ကို သတ်ဖြတ်သွားကြောင်း သိရသည်။
ငါးခိုးဖမ်းသည့် ငါးဖမ်းဘုတ်များထဲမှ ဖမ်းဆီးရမိသည့် ငါးဖမ်းဘုတ် ငါးစင်းအနက်မှ တစ်စင်းတွင် ငါးဖမ်းသမားများဟန်ဆောင်၍ လိုက်ပါလာသူတစ်စုက သတ်ဖြတ်မှုကိုကျူးလွန်၍ လက်နက်များပါ လုယူထွက်ပြေးသွားကြောင်း ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် AA ကထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်ခန့်မှစ၍ ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက်ကျေးရွာ၏ အနောက်ဘက် ၆.၇၅ ကီလိုမီတာခန့် အကွာတွင်လည်းကောင်း၊ ချိန်ခါ လီရွာ၏အနောက်ဘက် ၆.၇၂ ကီလိုမီတာခန့်အကွာ တွင်လည်းကောင်း ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစင်း ၈၀ ခန့်သည် အာရက္ခ ရေပိုင်နက်အတွင်း၌ အစုလိုက်အပြုံလိုက် တရားမဝင် ကျူးကျော် ဝင်ရောက် ငါးခိုးဖမ်းခဲ့ကြကြောင်း သိရသည်။
AA ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ငါးခိုးဖမ်းဘုတ် ငါးစင်း ကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန် ကမ်းစပ်သို့ ညနေ ၇ နာရီခန့်အချိန်တွင် ခေါ်ဆောင်လာခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းသို့ ခေါ်ဆောင်လာစဉ် အဆိုပါ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် ငါးစင်း အနက် ငါးဖမ်းသမား များအဖြစ် ဟန်ဆောင်လိုက်ပါလာသော ငါးခိုးဖမ်းဘုတ် တစ်စင်း မှ အကြမ်းဖက်သမားများသည် ကမ်းခြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မိမိတို့၏ လုံခြုံရေးအရာရှိ တစ်ဦးနှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ကို သတ်ဖြတ်ခဲ့သည်။ ထိုသို့ သတ်ဖြတ်ပြီးနောက် လက်နက်များကိုပါလုယူ၍ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း AAက ဆိုသည်။
အာရက္ခရေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူများကို အာရက္ခတပ်တော် (AA) မှ ဖမ်းဆီးစစ်ဆေးခဲ့သည်မှာ အကြိမ်ပေါင်းမြောက်မြားစွာရှိခဲ့ပြီဖြစ်ပြီး နှစ်ဖက်အပြန် အလှန်လေးစားမှုဖြင့် ၎င်းတို့အား အကြိမ်ကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ကာ အကြိမ်ကြိမ် သတိပေး ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ယခုတစ်ကြိမ်သည် အာရက္ခရေပိုင်နက်အတွင်းသို့ အစုလိုက်အပြုံလိုက် ဗြောင်ကျကျ ကျူးကျော် ဝင်ရောက် ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူများကိုပါ သတ်ဖြတ်၍ လက်နက်လုယူခြင်းသည် အကြမ်းဖက်သောလုပ်ရပ်မျိုးဖြစ်ပြီး မိမိတို့အနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း AA က ထုတ်ပြန်အသိပေးထားသည်။