ဧရာဝတီတိုင်းမ်
(မအူပင်)၊ စက်တင်ဘာ ၁၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်တွင် စစ်ကော်မရှင်လက်အောက်ခံ အကျဉ်းထောင်အာဏာ ပိုင်များက အကျဉ်းသားများကို သတ်မှတ်ထားသည့် ထမင်း၊ ဟင်းပမာဏထက် လျှော့ကျွေးနေကြောင်း နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ တရားမျှတမှုကွန်ရက် (JNPP) က ယမန်နေ့ စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ထမင်း၊ ဟင်း ပမာဏကို ပြည့်မီအောင်ကျွေးမွေးခြင်းမရှိဘဲ လျှော့ချကျွေးမွေးမှုကြောင့် ထောင်ဝင်စာ မရရှိသည့် နိုင်ငံရေးအကျဉ်းသားများသည် စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

“ပုံမှန်သတ်မှတ်ထားတဲ့နှုန်းထက် လျော့ကျွေးတဲ့အပြင် ဥပမာကြက်သားတစ်တုံးကို အကျဉ်းသား တစ်ယောက်ကို ၁၀ သားလို့သတ်မှတ်ထားရင် အခုကျအတုံးသေးသေးလေးတွေတုံးပြီး ‌ကျွေးတဲ့အခါ အကျဉ်းသားတွေမှာဘယ်လိုမှဝလင်အောင်မစားရဘူးပေါ့နော်။ ထမင်းကိုလည်းဝလင်အောင်မစားရဘူး ဟင်းလည်းဝလင်အောင်မစားရဘူး” ဟု JNPP အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မယုမိစံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအူပင်ထောင်အာဏာပိုင်များက အကျဉ်းသားများကို သတ်မှတ်ထားသည့် တစ်ပတ်လျှင် အသားဟင်း လေး ရက်ပါဝင်ရမည်ကိုပင် ပါဝင်ခြင်းမရှိဘဲ အသားဟင်းတစ်ရက်၊ ကြက်ဥတစ်ရက် နှင့် ငါးတစ်ရက်သာ ကျွေးမွေးနေကြောင်းလည်း သိရသည်။

ထမင်း၊ ဟင်းများလျော့ကျွေးသည့်အပြင် ထောင်ဝင်စာပါဆယ်ပေးပို့ခြင်းများကိုလည်း ကန့်သတ် ထားသည့်အတွက် ရပ်ဝေးမှ နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်ဝင်စာပို့နိုင်ခြင်းမရှိသူများမှာ စားဝတ်နေရေးအခက်အခဲများစွာကို ကြုံနေရကြောင်းလည်း JNPP ထံမှသိရသည်။

“နောက်ဆက်တွဲပြသနာတွေကဖြစ်လာနိုင်တာပေါ့နော်။ ဘာလို့ဆို အကျဉ်းထောင်ထဲမှာ ချည့်နဲ့တာတွေ ကိုယ်ခန္ဓာဖောရောင်တာ‌တွေ အာဟာရမပြည့်ဝလို့ ကျန်းမာရေးချို့တဲ့တာတွေနောက်ဆက်တွဲ ပြသနာ တွေ အများကြီးဖြစ်လာနိုင်တယ်” ဟု မယုမိစံက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းသည် ဆန်စပါးအများဆုံးထွက်ရှိရာ ဒေသဖြစ်ပြီး လက်ရှိတွင် စပါးဈေးများကျနေသည့်အပြင် မအူပင်ထောင်အတွင်း အကျဉ်းသားများ ကိုယ်တိုင် စပါးကြိတ်ကာ ရရှိလာသည့်ဆန်များကို ကျွေးခြင်းဖြစ်သော်လည်း ၎င်းကိုပင်ဝလင်အောင်မကျွေးခြင်းမှာ နိုင်ငံရေး အကျဉ်းသားများအပေါ် အာဟာရချို့တဲ့၍ ကျန်းမာရေးမကောင်းစေရန် ပြုလုပ်နေခြင်း ဖြစ်ကြောင်း လည်း JNPP ကပြောဆိုခဲ့သည်။

ဓာတ်ပုံ – JNPP