
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ရွာနှစ်ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ငါး ဦး သေဆုံးပြီး လေး ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။
စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ စက်တင်ဘာ ၁၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာအား လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံး ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် စစ်ကော်မရှင်က ပစ်လွှတ်လိုက်သော လက်နက်ကြီးကျည်သည် ဇရပ်ကွင်းကျေးရွာရှိ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား နှစ် ဦး ထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး