
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
ကာတာအခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးက မြန်မာနိုင်ငံရှိလုပ်ငန်းခွဲကို စင်္ကာပူအခြေစိုက်ကုမ္ပဏီ Nine ဆက်သွယ်ရေးလုပ်ငန်းထံ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့်အပြီးသတ်ရောင်းချထားပြီဖြစ်၍ အူရီဒူးမြန်မာအမည်ကို U9 သို့အမည်ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိအူရီဒူးမြန်မာကို U9 သို့အမည်ပြောင်းလဲမည်ဖြစ်ပြီး ဖုန်းနံပါတ်များ၊ သတင်းအချက်၊ အင်တာနက်ဆက်သွယ်မှုနှင့် ပတ်သက်ပြီး ယခင်အတိုင်းသာရှိမည်ဖြစ်ကြောင်းသိရသည်။
“နာမည်ပြောင်းလိုက်တာ ဟုတ်ပါတယ်။ ဖုန်းနံပါတ်တွေ ဒေတာတွေ သတင်းအချက်တွေကလုံခြုံပါတယ်။ ဘာမှမဖြစ်ပါဘူး။ အရင်အတိုင်းပါပဲ။ အူရီဒူးကနေတရားဝင်စာထုတ်ပေးမှာဖြစ်ပါတယ် ”ဟု အူရီဒူး call center မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ကာတာရင်းနှီးမြှပ်နှံမှုဆက်သွယ်ရေးလုပ်ငန်း အူရီဒူးမြန်မာသည် ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းရောင်းရန်ပြင်ဆင်နေခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စင်ကာပူအခြေစိုက်ကုမ္ပဏီ Nine Communication ထံ အပြီးသတ်ရောင်းချနိုင်ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နော်ဝေအခြေစိုက်တယ်လီနောကုမ္ပဏီက မြန်မာနိုင်ငံမှထွက်ခွာလို၍ လက်ဘနွန်အခြေစိုက် M1 Groupနှင့် ပြည်တွင်းကုမ္ပဏီရွှေဗျိုင်းဖြူ ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချပြီးနောက် တယ်လီနောအမည်မှ ATOM သို့အမည်ပြောင်းလဲခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီများသည် အာဏာသိမ်းစစ်တပ်၏ သတင်းအချက်အလက် ထောက်လှမ်းစုဆောင်းရာတွင် ပူးပေါင်းလုပ်ဆောင်နေသည်ဟု စွပ်စွဲချက်များလည်း ထွက်ပေါ်နေသည်။
ဓာတ်ပုံ – လူမှုကွန်ရက်