ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ်၊ ဇီးချိုင်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာတွင် အသက်မပြည့် သေးသည့် ၇ တန်းကျောင်းသူတစ်ဦး ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဓမ္မပြုကျင့်သူမှာ အဆိုပါကျေးရွာနေ အသက် ၂၈ နှစ်ဝန်းကျင်ရှိ မိုးဒီ (ခ) အောင်ထက်ပိုင် (ခ) မင်းသိန်းကျော် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အဓမ္မကျင့်တဲ့ကောင်က အိမ်ရှေ့မျက်စောင်းထိုးတင်ပဲ။ အဲဒီနေ့က ကလေးမလေးရဲ့အမေက နေ့စား အလုပ်သွားလုပ်နေတာ။ အဲ့ဒီမုဒိမ်းကောင်က လိမ်ခေါ်သွားတာ။ ဇီးချိုင်ရွာက ပချူးချိုင်ကမ်းခြေကို မရောက်ဖူးရင် လိုက်ပို့ပေးမယ်ဆိုပြီး ခေါ်သွားပြီး မတရားကျင့်တာ။ ပြီးတော့ ကျောက်တုံးနဲ့တောင် ထုဖို့အထိလုပ်တာ” ဟု ကြာကန်ကျေးရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဓမ္မပြုကျင့်သူ မိုးဒီ၏ မိဘများသည် စစ်ကော်မရှင်လက်အောက်ခံ Non-CDM ပညာရေး ဝန်ထမ်းများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်အတွက် ဟိုင်းကြီးကျွန်းရှိ စစ်ကော်မရှင်လက်အောက်ခံ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ထားသော်လည်း တရားခံမှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ပုံစာ-အဓမ္မပြုကျင့်သူ မိုးဒီ (ခ) အောင်ထက်ပိုင်(ခ)မင်းသိန်းကျော်။