
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
စစ်ကော်မရှင်က မတရားဖမ်းဆီး၍ စစ်မှုထမ်းနေရသူများ AAထံ အလံဖြူထောင်ဆက်သွယ်ပါက ကောင်းမွန်စွာ စောင့်ရှောက်ထားမည်ဟု AA က ထုတ်ပြန်သည်။
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၀ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
AAနှင့် ရင်ဆိုင်ထားသော မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်၍ မိသားစုဆီသို့ ပို့ဆောင်ပေး၍လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်၍လည်းကောင်း၊ ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍လည်းကောင်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်ဟု AAက ထည့်သွင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် AAနှင့် စစ်ကော်မရှင်တပ်များသည် ရခိုင်- ဧရာဝတီအစပ်၊ ရခိုင်- မကွေးအစပ်၊ ရခိုင်- ပဲခူးအစပ်တို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။
စစ်ကော်မရှင်က အဆိုပါတိုက်ပွဲနေရာများကို အဓမ္မစစ်မှုထမ်းခိုင်းထားသည့်တပ်သားသစ်များကို ပို့ဆောင် တိုက်ပွဲဝင်ခိုင်းထားရာ သေဆုံးထိခိုက်နှင့် ထွက်ပြေးသူများပြားနေကြောင်း သိရသည်။