
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာအနီး ရောက်ရှိလာသည့် စစ်ရေယာဉ်အုပ်စုကို ကာကွယ်ရန်လိုက်ပါလာသည့် လေယာဉ်နှင့် ဂျက်ဖိုက်တာများက အနီးအနားရှိကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
စစ်ကော်မရှင်က ဝက်လက်အရှေ့ခြမ်း သစ်ဆိပ့်ရွာ စာသင်ကျောင်းနှင့် မတ္တရာအရှေ့ခြမ်းဆိပ်သာ ကျေးရွာများကို ယနေ့ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
”ထီးချိုင့်မှာလည်း လေကြောင်းရော လက်နက်ကြီးပါပစ်လို့ ဒေသခံတွေအထိအခိုက်များတယ်။ အခုဝက်လက်ထိရောက်လာပြီး ရမ်းကားပစ်ခတ်နေပါတယ်” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဗန်းမော်မှ ခိုးရာပါ ပစ္စည်းများကို သယ်ဆောင်ပြီး ပြန်ဆင်းလာသည့် စစ်ကော်မရှင်၏ စစ်သင်္ဘောအုပ်စုကို ကင်းထောက်ပေးရင်းလိုက်လာသည့် Y 12၊ ဂျက်ဖိုက်တာ၊ MI 35တို့က မြစ်ကမ်းနံဘေးကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်းသာမက မန္တလေးတိုင်း အတွင်း မတ္တရာနယ်အတွင်းကိုပါ လေကြောင်းမှ ပေါင် ၃၀၀ ဗုံးများ ကြဲချတိုက်ခိုက်လာကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ဝက်လက်ရှိ တပ်ရွာ၊ သစ်ဆိပ့်၊ အင်ဒေါင်း၊ ရုံပင်ကုန်း၊ မင်းကုန်း၊ နပဲပင်လှစသည့်ကျေးရွာများကို စစ်ကော်မရှင်က Y12လေယာဉ်ဖြင့်ဗုံးကြဲရာ ဒေသခံ လေးဦးသေဆုံးပြီး ၁၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Wetlet informational network က ထုတ်ပြန်သည်။
ရှိမ်းမကား၊ အင်ဒေါင်း၊ မင်းရွာထောင်၊ ရွာသာ၊ ကမ်းဖြူ၊ ငါးတိုက်တောင်၊ ငါးရယ်၊ ဘိုကြီးကျွန်း၊ သဲတန်း၊ ရွာတန်းရှည်၊ မိုးကြို စည့် မြစ်ကမ်းဘေးမှ ရွာများမှာလည်း တိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့က ဗန်းမော်မှ ထွက်လာသည့် စစ်သင်္ဘော ၁၂ စီးပါ စစ်ရေယာဉ်အုပ်စုသည် လေကြောင်း အစောင့်အရှောက်များဖြင့် ကမ်းနံဘေးကျေးရွာများကို ဗုံးကြဲသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။