ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ အရှေ့မြောက်ဘက်တွင် စက်တင်ဘာလ ၇ ရက်နေ့မနက်က ရှစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ ၆၀ကျော်သေဆုံးပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးဆောင်ပစ္စည်းများစွာ ရရှိခဲ့ကြောင်း AA က စက်တင်ဘာ ၁၀ ရက်နေ့ညတွင် သတင်းထုတ်ပြန်သည်။

 

တိုပ်ပွဲဖြစ်ပွားပြီး သေဆုံးမှုများခဲ့သည် တပ်ရင်းမှာ စကခ ၁၇ လက်အောက်ခံ တပ်ရင်းများထဲမှ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ ခလရ ၂၉၅ တပ်ရင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါနေ့တွင် အခြားစစ်ကြောင်းတစ်ကြောင်းသည် စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မျက်မြင် ၁၀ဦးခန့် သေဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

 

ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် စကခ ၁၇ ၏ လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများအပြင် အတင်းအဓမ္မ စစ်သား စုဆောင်းထားသော တပ်သားသစ်များဖြင့် ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသော နေရာများကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်နေကြောင်း သိရသည်။

 

ဧရာဝတီတိုင်း-ရက္ခိုင်အစပ်ရှိ စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်၊ ပဲခူးတိုင်း-ရက္ခိုင်အစပ်ရှိ ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက် နေရာများ နှင့် ရိုးတောင်အစပ်တို့တွင် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပြုလုပ်လာသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု AA က သတင်းထုတ်ပြန်ထားသည်။