
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ လက်လွှတ်ထားရသည့် နယ်မြေများကို စစ်ကော်မရှင်က စစ်ကြောင်းထိုးရာမှ တပ်ဖွဲ့ဝင် ရာချီ သေဆုံးကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) တပ်ဖွဲ့များရှိသည့် မင်းတပ်တောင် စခန်းရှိရာဘက်သို့ ရောက်ရှိလာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ယမန်နေ့ စက်တင်ဘာ ၉ရက်နေ့က ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ရာနှင့်ချီ၍ ပြန့်ကြဲသေဆုံးပြီး ကျန်သူများမှာ ကစဉ့်ကလျားထွက်ပြေးရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”မင်းတပ်တောင်ဘက်မှာ ပိတ်မိတိုက်ခိုက်ခံရပြီး စစ်တပ်က ၁၀၀ ကျော်လောက်သေမယ်မှန်းတယ်။ အင်အား ၄၀၀ လောက်ဖြန့်ခွဲတက်လာတာလို့ သိထားပါတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောက်ဖြူ အမှတ် (၃၂) ရဲတပ်ရင်းသည်လည်း AA တပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံနေရသည့်အတွက် တပ်ရင်းကို ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် စစ်ကားကြီးများဖြင့် အင်အားဖြည့်နေရကြောင်း သိရသည်။
ရေတပ်ဌာနချုပ်နှင့် အမှတ် (၃၂) ရဲတပ်ရင်းမှာ တိုက်ပွဲဖြစ်ပွားရာကို လက်နက်ကြီးများဖြင့်ပစ်ကူပေးနေရပြီး ရေတပ်နေဗီများသုံး၍လည်း လူအင်အားဖြည့်ပေးနေရကြောင်း သိရသည်။ ကျောက်ဖြူတွင် တိုက်ခိုက်ရေး ခြေလျင်၊ ခြေမြန်တပ် သုံးရင်းသာရှိသော်လည်း ရေတပ်အင်အားစု အခိုင်အမာရှိနေပြီး ပင်လယ်ပြင်အတွင်း လှည့်လည်နေသည့် စစ်သင်္ဘောများမှ လက်နက်ကြီး ပစ်ကူများပေးလျက်ရှိသည်။
ယခုရက်ပိုင်းအတွင်း လိပ်ခမော်၊ ပြင်ရှည်စစ်ကြောင်း၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ကန္ဒီးဘက်စစ်ကြောင်းနှင့် ပျားတဲ၊ သပြုတောင်၊ ကြတ္တိန်ဘက်စစ်ကြောင်းများတွင် စစ်ကော်မရှင်တပ်များ ပိတ်မိနေကြောင်း သိရသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲမတိုင်မီ ကျောက်ဖြူမြို့နယ်ကို အလုံစုံ စိုးမိုးနိုင်ရေး ကြိုးပမ်းနေရပြီး ဆုံးရှုံးနယ်မြေများကို အပြည့်အဝထိန်းချုပ်နိုင်ရန် စစ်ကြောင်းများခွဲ၍ အင်အားအလုံးအရင်းသုံး တိုက်ခိုက်လာခြင်းဖြစ်သည်။
ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)