ဧရာဝတီတိုင်းမ်
(မတူပီ)၊ စက်တင်ဘာ ၁၀ ရက်

 

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ကြားကာလပညာရေးကို ဖော်ဆောင်နေကြသော အခြေခံကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို စစ်မှုထမ်းရန်အတွက် ကာယကံရှင်၏ ဆန္ဒမပါဘဲ MRO/CDF-မတူပီ(မတူပီတော်လှန်ရေးအဖွဲ့ချုပ်)က အတင်းအဓ္ဓမဖမ်းဆီးမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 

CDF-မတူပီ၊ တပ်မဟာ (၁ ) မှ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့သည့် MRO/CDF-မတူပီအဖွဲ့သည် ဌာနဆိုင်ရာ လုပ်ငန်းများနှင့် ဝန်ထမ်းများအပေါ် ထိန်းချုပ်မှုဘောင်ကျော်၍ အမိန့်ပေးမှုများ ရှိလာနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လိုအပ်ချက်အရ စစ်မှုထမ်းဖို့ စုဆောင်းတာကို လက်ခံပေးလို့ရပါတယ်။ ဒါပေမဲ့ အတင်းအဓမ္မ ဖမ်းဆီးတာ၊ သက်ကြီးရွယ်အိုကို စောင့်ရှောက်နေတဲ့သူတွေ၊ စေတနာ့ဝန်ထမ်း ဆရာ/မတွေနဲ့ CDM မိသားစုဝင်တွေ၊ အသက်မပြည့်သေးတဲ့ ကလေး၊ ကျောင်းတက်နေဆဲကလေးတွေ ဖမ်းဆီးတာမျိုးက လက်ခံပေးလို့ မရဘူး။ ငါတို့ ထိန်းချုပ်နယ်မြေမှာ ငါတို့လုပ်ချင်ရာ လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးက ဘယ်သူ့အတွက်မှ အဆင်ပြေမှာမဟုတ်ပါဘူး” ဟု မတူပီမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

MRO/CDF-မတူပီအဖွဲ့၏ ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ်က မတူပီမြို့နယ်ပညာရေး ဘုတ်အဖွဲ့နှင့် တာဝန်ခံကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

 

“လက်ရှိ စစ်အာဏာရှင်ကို မကြိုက် လို့ တော်လှန်နေကြတာ။ အာဏာရှင်လို လုပ်ရပ်မျိုးကတော့ မည်သူမဆို ဆန်ကျင့် ကန်ကွက်သင့်ပါတယ်” ဟု မတူပီဒေသခံက ဆက်လက်ပြောကြားသည်။

 

ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာပြီးဆုံးသည်အထိ လွတ်လပ်စွာ ပညာသင်ကြားနိုင်ရေးနှင့် နိုင်ငံဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ပြီးခဲ့သည့် ဩဂုတ် ၁၁ မှ ၁၄ ရက်နေ့အထိ MRO/CDF-မတူပီအဖွဲ့နှင့် လေးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးရန် တောင်းခံခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ-မတူပီမြို့၊ ပညာရေးဘုတ်အဖွဲ့(ပုံဟောင်း)