
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
တရုတ်နိုင်ငံသို့ သွားရောက်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးနှင့် အာဏာသိမ်း စစ်ကော်မရှင်ခန့် ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံ၍ တပ်လေ့ကျင့်ရေးကိစ္စရပ်အပါအဝင် စစ်ရေးပူးပေါင်းမှုတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Colonel Qu Zhe သည် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်က နေပြည်တော်ကို လာရောက်၍ စစ်ကော်မရှင်ခန့်အပ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။
စစ်ခေါင်းဆောင်သည် မကြာသေးမီက တရုတ်နိုင်ငံသို့ ဖိတ်ကြားချက်ဖြင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) အစည်းအဝေးနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနား တက်ရောက်ရန် သွား ရောက်မှုအပြီး ယင်းတွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထိုခရီးစဉ်အတွင်း တရုတ်သမ္မတ၊ ဒုသမ္မတအပါအဝင် တာဝန်ရှိသူများနှင့် စစ်ခါင်းဆောင်တို့ သီးခြားတွေ့ဆုံဆွေးနွေးသဘောတူညီမှုများအရ ဆက်လက်လုပ်ဆောင်နိုင်ရန် ယခုကဲ့သို့ အကြိုသဘော တွေ့ဆုံခြင်းမျိုးဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက သုံးသပ်သည်။
“နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား ဆွေးနွေးသဘောတူညီမှုတွေအရ ဆက်လက်လုပ်ဆောင်နိုင်ဖို့ တွေ့ဆုံတာမျိုး ဖြစ်ပါတယ်။ အခုတွေ့ဆုံမှုကနေ စစ်ဘက်နည်းပညာ နဲ့ လေ့ကျင့်သင်တန်းပေးမှု၊ ထောက်ပံ့ကူညီမှုတွေ ပိုတိုးမြှင့်လာနိုင်ပါတယ်” ဟု CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်ကလည်း ၎င်းတို့ ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်စစ်သံမှူးတို့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှု၊ တပ်လေ့ကျင့်ရေးကိစ္စ၊ သင်တန်းသားများစေလွှတ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။
စစ်ခါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် သွားရောက်ခွင့်ရခဲ့သော တရုတ်ခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)၏ အဓိကစီမံကိန်းများကို တွန်းအားပေး မြှင့်တင်ရန် ဆွေးနွေး၍ တရုတ်လုပ်ငန်းရှင်းများနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“ဒီခရီးစဉ်မှာ ထူးခြားချက်က ကာချုပ်ဖြစ်ဖို့ သတင်းပြေးနေတဲ့ ကျော်စွာလင်း၊ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် မိုးမြင့်ဆွေ၊ နာမည်ကျော်နေတဲ့ ဒုဗမက ကျော်ဇောရဲတို့ ပါဝင်ပါတယ်။ သူတို့က နောက်ပိုင်းလက်နက် ဝယ်ယူရေးတွေမှာ အခရာကျနိုင်ပါတယ်” ဟု မြန်မာ့အရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တက္ကသိုလ် အပတ်စဉ် (၄၇) ဆင်းဖြစ်သည့် ဒုဗိုလ်မှူးကြီး ကျော်ဇောရဲသည် စစ်ကော်မရှင်ခန့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်၏ သားမက်လည်းဖြစ်ပြီး စစ်ခေါင်းဆောင် အားထားရသော ရုရှားပညာတော်သင်တစ်ဦးဖြစ်က စစ်လက်နက်ပစ္စည်း ဝယ်ယူမှုများတွင် အရေးပါသူလည်းဖြစ်ကြောင်း သိရသည်။
“ကျော်ဇောရဲတို့က အတည်မပြုနိုင်တဲ့ သတင်းအရ အာကာသအဖွဲ့ ဖွဲ့စည်းထားတယ်လို့ သိရတယ်။ တရုတ်တက္ကသိုလ်တခုနဲ့ အာကာသ ပူးပေါင်းဆောင်ရွက်ရေးတွေ ဖြစ်လာနိုင်တယ်။ အိန္ဒိယ-တရုတ်ဆက်သွယ် လီဒိုလမ်းမကြီး ဖြစ်လာနိုင်တယ်” ဟု အထက်ပါ မြန်မာ့အရေးလေ့လာ သုံးသပ်သူတစ်ဦးက ဆက်လက်ဆိုသည်။
ယခုအကြိမ် တရုတ်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်သည် CMEC ၏ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေ အားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ တရုတ်-မြန်မာ မီးရထားလမ်းစီမံကိန်းတို့ကို လုပ် ဆောင်နိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်စည်းရုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် တရုတ်-မြန်မာ-အိန္ဒိယ သုံးနိုင်ငံကြား ကုန်သွယ်ရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် လီဒိုလမ်းကြောင်းပေါ်ရှိ ကံပိုင်တည်-မြစ်ကြီးနား-ပန်ဆောင်လမ်းပိုင်းကိုလည်း ပြန်လည်ပြုပြင်ရန်အပါအဝင် စသည်တို့ကိုလည်း တရုတ်လုပ်ငန်းရှင်များနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့အတူ စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့သို့ ရောက်ရှိစဉ် ဝူဟန်တက္ကသိုလ် ဒုတိယအဓိပတိထံ ဂြိုလ်တုနည်းပညာအတွက် ကူညီဆောင်ရွက်ပေးရန်တောင်းဆိုပြီး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ-MOI