
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားများနေထိုင်ရာကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
စစ်ကော်မရှင်သည် စက်တပ်လေထီး နှင့် ဒရုန်း များအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါးပြုလုပ်နေရာ တစ်ပါတ်အတွင်း သာယာဝတီခရိုင်မှ ဒေသခံ ခြောက် ဦးသေဆုံးခဲ့ပြီး ကိုးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့က စစ်ကော်မရှင်၏ ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာနှင့် ချောင်းဆုံရွာမှ ဒေါ်စန်းဌေး(၅၀နှစ်) နှင့် ဒေါ်ခင်လှိုင်(၆၀နှစ်) တို့သေဆုံးခဲ့ပြီး အသက် ကိုးနှစ်အရွယ်မိန်းကလေးငယ် နှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
“အခုဗုံးကြဲခံရတဲ့ရွာတွေက ဘာတိုက်ပွဲမှမဖြစ်တဲ့ရွာတွေ။ တော်လှန်ရေးအဖွဲ့လည်းမရှိဘူး။ သူတို့က(စစ်ကော်မရှင်) ရွေးကောက်ပွဲဖြစ်ဖို့ကိုပဲဦးတည်ပြီး လုပ်နေတာလို့မြင်တယ်။ တော်လှန်ရေးအဖွဲ့တွေရှိနိုင်မယ်လို့ သူတို့ယူဆတဲ့ရွာတွေနဲ့ ရွာချင်းဆက်လမ်းတွေကို ဗုံးလိုက်ကြဲနေတာ” ဟု သာယာဝတီခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံအများအစုမှာ ကျေးရွာများအတွင်း နေထိုင်ရဲခြင်းမရှိတော့ပဲ စစ်ဘေးရှောင်တိမ်းနေရကြောင်းလည်း သိရသည်။
အလားတူစစ်ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စက်တပ်လေထီးဖြင့် ဗုံးကြဲချခဲ့ရာချင်းစုရွာ၊ ကိုင်းကြီးရွာ၊ ဒေါင်းကြီးရွာတို့မှ ဒေသခံ သုံး ဦးသေဆုံးခဲ့ပြီး နှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ခုရက်ပိုင်းဘာလို့လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတာလဲဆို ကြို့ကိုးပင်ရွာကို စကစစစ်ကြောင်းဝင်ပြီး အိမ်ခြေ ၁၀လုံးမီးရှို့သွားတာရှိတယ်။ အဲ့ဒီမှာသာယာဝတီခရိုင်(ပကဖ)က တိုက်ထုတ်လိုက်တာရှိတယ်။ အဲ့ဒီမှာရန်သူဘက်က ခဲယမ်းရရှိတာရှိတယ်။ အယောက်၂၀ကျော်သေပီး ထိခိုက်တာရှိတယ်” ဟု အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် မင်းလှမြို့နယ်၊ တောင်ပြတ်ရွာမကိုလည်း ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ စိတ်ဝေဒနာသည်နှင့် အမျိုးသမီးများအပါအဝင် ငါး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
ပဲခူးတိုင်းအနောက်ခြမ်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း-၁ ကို ပြည်၊ ရွှေတောင်၊ နတ်တလင်း၊ လက်ပံတန်း၊ သာယာဝတီမြို့နယ်တို့တွင် ကျင်းပရန်ပြင်ဆင်နေသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကော်မရှင်က အရပ်သားများကိုပစ်မှတ်ထားကာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့်ဩဂုတ်လ တတိယအပါတ်နှင့် စတုတ္ထအပါတ်အတွင်း အရပ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
ဓာတ်ပုံ – ပေးပို့