
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
ဖားကန့်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားနေရာ စစ်ကော်မရှင်တပ်မှာ ရှရော်ခအနီး လျှိုအတွင်း ပိတ်မိပြီး သေဆုံးထိခိုက်မှုများကြောင်း သိရသည်။
ရှရော်ခ ၊ညောင်ပင်ကုန်းအနီးသို့ ချဉ်းကပ်လာသည့် စစ်ကော်မရှင်တပ်ကို ယမန်နေ့ စက်တင်ဘာ ၉ ရက်တွင် KIAက ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ဦးခန့် သေဆုံးပြီး ၁၀ဦးခန့် ကစဉ့်ကလျားထွက်ပြေးကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”ညောင်ပင်ကုန်းဘက်ကို စစ်တပ်ကချဉ်းကပ်လာတာမှာ လျှိုအတွင်း ပိတ်ဆို့ပြီး တိုက်ခံရတယ်ပြောပါတယ်။ သေတာများတယ်။ အလောင်းမကောက်နိုင်ဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က လေကြောင်းပစ်ကူ နှစ်ကြိမ်နှင့် ကာပစ်ပေးသော်လည်း အလောင်းကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။
ဖားကန့် ဗျူဟာကုန်းမှနေ၍လည်း တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်ကို လက်နက်ကြီး ပစ်ကူ အချက် ၂၀ ခန့်ဆက်တိုက်ပစ်ခတ်ကြောင်း သိရသည်။
ဖားကန့်ရှိ ဆန်းကြွယ်နှင့် မှော်တောင်း ဝန်းကျင်တွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး မှော်တောင်းဂိတ်ကို စစ်ကော်မရှင်က ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အေးမြသာယာ၊ မှော်တောင်း၊ ဆန်းကြွယ်၊ ညောင်ပင်ကုန်း စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ၃၀၀၀ ခန့် ရှိနေပြီး ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများတွင် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။