‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၀ရက်

‎ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃နေရာထက်မနည်းတွင် စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှသေဆုံးမှုများပြား ကြောင်း သိရသည်။

‎ယမန်နေ့ စက်တင်ဘာ ၉ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ တပ်ရင်းမှူး တစ်ဦးသေဆုံးကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

‎”တပ်ရင်းမှူးသေတာတော့အမှန်ပါ။ သံချပ်ကာတပ်ရင်းကလို့တော့ ပြောပါတယ်။ နောက်ထပ် တပ်ရင်းမှူး တစ်ယောက်လည်း ဒဏ်ရာရသွားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎တိုက်ပွဲတွင် စစ်ကြောင်းလိုက်ပြုတ်သည်အထိ စစ်ကော်မရှင်တပ်မှာ အထိနာခဲ့ပြီး အခြား တပ်ရင်းမှူးတစ်ဦးလည်း ဒရုန်းဗုံးထိခိုက်မှုဘေးမှ အနည်းငယ်လွဲချော်သွားကြောင်း သိရသည်။

‎စစ်ကော်မရှင်ဘက်က Y12၊ ဂျက်ဖိုက်တာတို့ဖြင့် လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲချတိုက်ခိုက်ပေးပြီး စစ်ကြောင်း ပြန်ဆုတ်နိုင်ရန် ပစ်ကူပေးခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့က အမှတ်(၇၀၀၆) သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်း (သတရ-၇၀၀၆) အနီးကို ချဉ်းကပ်လာရာ KIAက ဝိုင်းပတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ KIA သည် အဆိုပါ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း သတရ-၇၀၀၆ ယခုနှစ် ဇန်နဝါရီ အတွင်းက သိမ်းယူထားခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း ‎ပွိုင့် ၅နှင့် ကျည်ကတ်များ၊ MA သေနတ်နှင့် ၇၉-မမလောင်ချာများအပြင် စစ်ကော်မရှင် အလောင်းများကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ။