
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာများတွင် အချိန်ပိုင်းဝန်ထမ်းများ ခေါ်ယူနေပြီး ကိုယ်ရေး အကျဉ်း (CV) မလိုအပ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် City Market Holding ရုံးချုပ်၌ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
City Market Holding (CHML)ကုမ္ပဏီက အချိန်ပိုင်းအလုပ်အတွက် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ကမာရွတ်၊ ရန်ကင်းနှင့် ပန်းဘဲတန်းမြို့နယ်များရှိသူများကို ဦးစားပေးခန့်ထားမည် ဖြစ်ကြောင်း သိရသည်။
အလုပ်ချိန်ကို နံနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်နေ့လျှင် အလုပ်ချိန် ၅ ကြိမ် သတ်မှတ်ထားသည်။ တစ်ပတ်လျှင် အနည်းဆုံး ၆ ရက် အလုပ်ဆင်းနိုင်သူဖြစ်ရမည်ဖြစ်ပြီး အလုပ်ဆင်းနိုင်မှုအပေါ်မူတည်၍ လုပ်ခကို တွက်ချက်ပေးမည်ဟု ဆိုသည်။
“အချိန်ပိုင်းအလုပ်လုပ်ဖူးတယ်ဆိုတာ ရှိအောင် လုပ်ချင်သေးတယ်။ ဒီစနစ်က အကောင်အထည် ဖော်တာ ကောင်းတယ်။ အလုပ်အပိုလုပ်ချင်သူတွေ လုပ်လို့ရတယ်။ အသက်ကြီးတဲ့သူတွေ၊ ငယ်တဲ့ သူတွေအတွက် အခွင့်အလမ်းပဲ”ဟု ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အချိန်ပိုင်းဝန်ထမ်းအဖြစ် လျှောက်ထားသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး ဘွဲ့ရ သို့မဟုတ် တက္ကသိုလ်ဝင်တန်းအောင် မြင်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ကျောင်းသူ၊ ကျောင်းသားများ၊ မိခင်များ၊ အငြိမ်းစားယူထားသူများနှင့် အပိုဝင်ငွေရှာလိုသူများအားလုံး လျှောက်ထားနိုင်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာမှု များပြားနေသဖြင့် ပြည်တွင်း၌ အလုပ် သမားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဓာတ်ပုံ – CMHL , ဧရာဝတီတိုင်းမ်