
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ကင်အဲရစ်) က မိခင်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး စစ်ကော်မရှင်၏ ပြောဆိုချက်များကို သံသယရှိသဖြင့် မိခင်နှင့် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးရန် ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ထပ်မံတောင်းဆိုလိုက်သည်။
စစ်ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည် နေမကောင်းသည့် သတင်းသည် မမှန်ကန်ဟု ပြောဆိုခဲ့ပြီးနောက် ကိုထိန်လင်းက ၎င်းတို့၏ ပြောဆိုချက်ကို အတည်ပြုရန်အတွက် မိခင်နှင့် တိုက်ရိုက်တွေ့ဆုံခွင့်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ကိုထိန်လင်းက မိခင်ကို မိသားစုဝင်များ၊ တရားဥပဒေရေးရာဘက်မှသူများနှင့် ပြင်ပမှ ဆရာဝန်များ တွေ့ဆုံခွင့်မပေးခြင်းအပေါ် လုံးဝလက်ခံနိုင်ခြင်းမရှိကြောင်း ပြောကြားထားသည်။
“အသက် ၈၀ အရွယ် ကျွန်တော်မေမေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းထောင်အခြေအနေတွေ က မေမေ့ရဲ့ကျန်းမာ ရေးကို ထိခိုက်စေမှာ အသေအချာပါ” ဟု ကိုထိန်လင်း က ပြောသည်။
၎င်း၏ မိခင်သည် အခြေခံလူ့အခွင့်အရေးများ ပိတ်ဆို့ခံနေရပြီး အမှန်တရား၊ လွတ်လပ်ခွင့်နှင့် လူ့ဂုဏ်သိက္ခာဖြင့် နေထိုင်ခွင့်ရှိကြောင်းလည်း ကိုထိန်လင်းက ဆိုထားသည်။
“ကျွန်တော့်ရဲ့ ဖိုးဖိုး(ဗိုလ်ချုပ်အောင်ဆန်း)က လွတ်လပ်ရေးရဖို့အတွက် သူ့ရဲ့အသက်ကို စွန့်ခဲ့တယ်။ တိုင်းပြည်အတွက် ကြိုးစားနေတဲ့ မေမေ့ကို မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ ထောင်ထဲမှာ သေဆုံး သွားမှာ မဖြစ်စေချင်ဘူး” ဟု ကိုထိန်လင်း က ထည့်သွင်းပြောဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသဖြင့် လွတ်လပ်စွာ ဆေးကုသခွင့်နှင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက် စက်တင်ဘာ ၇ ရက်နေ့က နိုင်ငံတကာကို တောင်းဆိုခဲ့သည်။
ယင်းထုတ်ပြန်ချက်များ မထွက်ပေါ်မီတွင် စစ်ကော်မရှင်၏ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း စက်တင်ဘာ ၆ ရက်နေ့တွင် ပြောကြား ခဲ့သည်။
ပုံစာ-ဒေါ်အောင်ဆန်းစုကြည် နှင့် သားဖြစ်သူ ကိုထိန်လင်း (ကင်အဲရစ်) တို့ကိုတွေ့ရစဉ် (ပုံဟောင်း)