ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် ပြည်သူလူထုအား ဝေဖန်ကန့်ကွက်ခွင့်ကို ဖိနှိပ်ချုပ် ကိုင်ထားသည့် “ရွေးကောက် ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဖြင့် စစ်ဘေးရှောင် အမျိုးသားတစ်ဦးအား ပထမဆုံးအကြိမ် ထောင်ဒဏ် ခုနစ် နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်သို့ ရောက်ရှိနေသည့် အသက် ၃၆ နှစ်အရွယ် စစ်ဘေးရှောင် ကိုနေသွေးဆိုသူကို ၎င်းအသုံးပြုသည့် လူမှုကွန်ရက်အကောင့် “Lashio Baegyi” မှ ရွေးကောက်ပွဲ ပျက်ပြားစေရန် ရေးသားဖြန့်ဝေသည်ဟုဆိုကာ စစ်ကော်မရှင်က ဖမ်းဆီးပြီးနောက် ထိုသို့ချမှတ်ခဲ့ကြောင်း ယမန်နေ့ စက်တင်ဘာ ၉ ရက်က ထုတ်ပြန်သည်။

Lashio Baegyi လူမှုကွန်ရက်အကောင့် သည် လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦး မောင်းနှင် လာသောကားကို လုယက်သွားခဲ့၍ ပြည်သူများအတွက် လုံခြုံမှု မရှိဖြစ်နေသော်လည်း စစ်ကော်မရှင် အနေဖြင့် အကျိုးပြုခြင်းမရှိဘဲ ဆန္ဒမဲ သာလိုချင်သည့်အပေါ် ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကော်မရှင်က အဆိုပါ အမျိုးသားအား အေးသာယာနယ်မြေရဲစခန်း၌ (ပ) ၉၉/၂၀၂၅၊ ရွေးကောက်ပွဲများ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်၍ စက်တင်ဘာ ၉ ရက်တွင် ပြစ်မှုထင်ရှားသည်ဟုဆိုကာ အလုပ်နှင့် ထောင်ဒဏ် ခုနစ် နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်သည် အာဏာသိမ်းပြီး လေးနှစ်ခွဲကျော်အကြာ ယခုနှစ် ဇူလိုင် ၂၉ ရက်က အသစ်ပြဋ္ဌာန်းလိုက်သော ယင်းရွေးကောက်ပွဲ ဥပဒေဖြင့် ပြည်သူကို ဖမ်းဆီးမှုသည် စက်တင်ဘာ ၂ ရက်ထိ သုံးဦးရှိသည်ဟု စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီးကလည်း ပြောဆိုထားပြီး ထိုအနက်မှတစ် ဦးကို ပထမဆုံး အမိန့်ချမှတ်ခြင်းဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေသည် ပြည်သူကို ဖိနှိပ်ချုပ်ချယ်မှု တစ်ခုဖြစ်ပြီး တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် သုံး နှစ်မှ အများဆုံး ခုနစ် နှစ်အထိ ချမှတ်မည့်အပြင် ငွေဒဏ်လည်း ချမှတ်မည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ဖော်ပြထားသည်။

ယင်းသို့ ပြည်သူကို အမိန့်ချမှတ်ခြင်း မတိုင်ခင်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတ်မှတ်ချက် မပြည့်မီသော နိုင်ငံရေးပါတီ ၄ ပါတီကိုလည်း ဖျက်သိမ်းကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သလို ၎င်းတို့အား အွန်းလိုင်းပေါ်မှ ဝေဖန်ရေးသားသူများအား စုံစမ်းဖော်ထုတ် ဖမ်းဆီးအရေးယူနေကြောင်း သိရသည်။

ပုံစာ-စစ်ကော်မရှင်၏ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးထောင်ချခြင်း ခံရသည့် ကိုနေသွေး။