နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေ ထိုးစစ်ဆင်နွှဲရန်အတွက် တပ်ဖွဲ့များ၊ ဘဏ္ဍာရေးနှင့် လက်နက်ခဲယမ်းများ ပြင်ဆင်ဖြည့်တင်းနေပြီး ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ထည့်သွင်းစဉ်းစားထားကြောင်း NUG ဝန်ကြီးချုပ်ရုံးထံမှ သိရသည်။
နွေဦးတော်လှန်ရေး၏ အရေးကြီးအလှည့်အပြောင်းကို ဖန်တီးနိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဒေသတိုင်းတွင် ဟန်ချက်ညီ စစ်ဆင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြင်ဆင် နေကြောင်းလည်း ၎င်းတို့ထုတ်ပြန်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် လေး နှစ်ပြည့် အစီရင်ခံစာအရ သိရသည်။
“PDF အနေနဲ့ စစ်ရေးစီမံချက်တွေ ဖော်ဆောင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ရေးဆွဲတဲ့အခါမှာပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာမှု မရှိရလေအောင် အမြဲတမ်းထည့်သွင်း စဉ်းစားခဲ့ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်သူများကို စစ်ဖြစ်ပွားချိန်တွင် လိုက်နာရမည့်အချက်များနှင့်ပတ်သက်၍လည်း NUG က ထုတ်ပြန်ထားပြီး စစ်ကော်မရှင်၏ စစ်ကြောင်းထိုး၊ လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် တိုက် ခိုက်မှုများအား အထူးသတိထား နေထိုင်ကြရန် ၎င်းက တိုက်တွန်းထားသည်။

စစ်ရေးအခြေအနေနှင့် စစ်ကော်မရှင်၏ ထိခိုက်ဆုံးရှုံးမှုများ
ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း စစ်ကောင်စီ (အမည်ပြောင်း) စစ်ကော်မရှင် လက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ခြောက်သောင်းကျော် (၆၀,၃၃၁ ဦး) သေဆုံး၍ နှစ်သောင်းခြောက်ထောင်ကျော် (၂၆,၉၀၅ ဦး) ထိခိုက်ဒဏ်ရာရကာ ရှစ်သောင်းခုနစ်ထောင်ကျော် (၈၇,၂၃၆ ဦး) ပြုန်းတီးခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် လေး နှစ်တာအတွင်း စစ်ကော်မရှင်၏ လေယာဉ်မျိုးစုံ ၂၀ စီးလည်း ထိခိုက်ပျက်စီး၍ နိုင်ငံ့ အသက်သွေးကြောမြစ် လေး စင်းဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းတို့၏ အရေးပါသော အစိတ်အပိုင်းများကို ထိန်းချုပ်ထားကာ နှစ်စဉ်တိုင်း ထောက်ပို့စစ်ရေယာဉ်များအား ပစ်ခတ်နှစ်မြုပ်ဖျက်ဆီးနိုင်ကြောင်း သိရသည်။
ထို့အတူ နယ်စပ်ကုန်သွယ်ရေးမြို့ အမြောက်အမြားကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ထိန်းချုပ်ထားဆဲဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ဆက်စပ်နေသော အဓိက နယ်စပ်ကုန်သွယ်ရေးမြို့ အနည်းဆုံး ၁၁ မြို့အား စစ်ကော်မရှင်က လက်လွှတ်ခဲ့ရကြောင်း NUG က ထုတ်ပြန်ဆိုသည်။
အဆိုပါမြို့များမှာ ကန်ပိုက်တီ၊ လိုင်ဇာ၊ လွယ်ဂျယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း(ကြူကုတ်)၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မယ်စဲ့၊ မောတောင်၊ မောင်တောနှင့် ရိဒ်ခေါဒါရ်မြို့တို့ဖြစ်ပြီး အိန္ဒိယနယ်စပ် တမူးမြို့ ကိုလည်း PDF များက ဝိုင်းပတ်ထိန်းချုပ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
လေ့လာသူများ၏သုံးသပ်ချက်
လက်ရှိတွင် စစ်ကော်မရှင်ဘက်က လေကြောင်းအပါအဝင် လူ၊ လက်နက်ခဲယမ်းများဖြင့် ပြန်လည်ထိုးစစ်ဆင်နေသဖြင့် NUG အနေဖြင့် အထွေထွေထိုးစစ်ဆင်နိုင်ရန်အတွက် တပ်ဖွဲ့စည်းမှုနှင့် ကွပ်ကဲမှု (COC) ကောင်းမွန်ရန်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs) နှင့် တွဲဖက်တိုက်ခိုက်ရန် လိုအပ်ကြောင်း လေ့လာသူများက ထောက်ပြသည်။
“သူရဲ့ တပ်စုဖွဲ့မှုနဲ့ COC ကို ကောင်းကောင်းတည်ဆောက်ရမယ်။ AA ၊ TNLA ၊ KIO ၊ KNU တို့လို ERO တွေနဲ့ တွဲပြီးတိုက်မှ သူပြောသလို ဖြစ်နိုင်မယ်။ ဒါမှမဟုတ်ရင် ဖြစ်လာမှာ မဟုတ်ဘူး။ လေပေါ်မှာပဲ ကျန်ခဲ့ပြန်မှာ” ဟု အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်သူ၊ ပြည်သူ့ရေးရာမူဝါဒသုသေတီ R. Lakher က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ နှစ်ကုန်အထိ တိုင်းစစ်ဌာနချုပ် နှစ် ခု၊ ဒကစဌာနချုပ် တစ် ခု၊ စကခဌာနချုပ် ငါး ခု၊ စစ်ဗျူဟာ အခြေချစခန်း ခြောက် ခု၊ လေတပ်ဆွယ် နှစ် ခု၊ တိုက်ခိုက်ရေး နောက်တန်း စခန်း ၈၆ ခု၊ လက်ရုံး နောက်တန်းစခန်း ၅၄ ခုနှင့် နယ်ခြားစောင့်စခန်း ၁၇ ခုတို့ကို စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးထားကြောင်း သိရသည်။
စစ်ကော်မရှင်သည် ထိုအခြေစိုက် ဌာနချုပ်စခန်း ၁၇၃ ခုအပြင် ယခု ၂၀၂၅ ခုနှစ်၊ ယနေ့အချိန်အထိ နောက်တန်းတပ်ရင်းဌာနချုပ် ၁၀ ခု ထပ်မံကျဆုံးကာ ဩဂုတ်အထိ ယင်းတို့စိုးမိုးဖိနှိပ် အုပ်ချုပ်နိုင် မှုသည် နိုင်ငံတဝန်း၏ မြို့နယ်စုစုပေါင်း ၃၉ ရာခိုင်နှုန်းသာရှိပြီး စစ်ဖြစ်နေသော မြို့နယ်မှာ ၂၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၁၆ ရာခိုင်နှုန်းကိုမူ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့က စိုးမိုးထိန်းချုပ်ထားပြီး ကျန်ရှိမြို့နယ်ပေါင်း ၂၄ ရာခိုင်နှုန်းအား ၀ိုင်းပတ်ပိတ်ဆို့ ထိန်းချုပ်ထားကြောင်း NUG ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ-NUG ၊ MOD