ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာအား တရားရုံးချုပ်၏ နိုင်ငံရေးရာထူး တာဝန်ယူခဲ့သူများဆိုင်ရာ ရာဇဝတ်မှုဌာနခွဲက “၁၄ ထပ်” အမှုဖြင့် ထောင်ဒဏ်တစ်နှစ် ကျခံရန် ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် အမိန့်ချမှတ်လိုက်ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
သက်ဆင်ကို ၎င်း၏ပြစ်ဒဏ်များအတွက် ရဲဆေးရုံ၏ ၁၄ ထပ်တွင် ကျန်းမာရေးအကြောင်းပြ၍ လိမ်လည်နေထိုင်ခဲ့မှုဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားရုံးက သက်ဆင်နှင့် ဘန်ကောက် အကျဉ်းထောင် အရာရှိနှစ်ဦးစလုံးကို တရားရုံးသို့ ကိုယ်တိုင်လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။

ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ကြားနာပွဲသို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ရှေ့နေ၊ ဝန်ကြီးချုပ် ဟောင်းဖြစ်သူ သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်နှင့် သမီးအလတ်တို့အပြင် ၎င်းကို ထောက်ခံသူများ လည်း လာရောက်ခဲ့ကြသည်။
သက်ဆင်သည် မူလက အဂတိလိုက်စားမှု သုံးမှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ဘုရင့်သက်ညှာခွင့်ဖြင့် ထောင်ဒဏ်တစ်နှစ်သို့ လျှော့ချခံခဲ့ရသည်။
သို့သော် ၎င်းသည် အကျဉ်းထောင်တွင် တစ်ညတာမျှသာ နေထိုင်ခဲ့ပြီး ရုတ်တရက် ကျန်းမာရေး အရေးပေါ်အခြေအနေကြောင့် ရဲဆေးရုံသို့ ပြောင်းရွှေ့ခဲ့ကာ လွတ်ငြိမ်းချမ်းသာခွင့်မရမီအထိ ထိုဆေးရုံ တွင်သာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

သက်ဆင်သည် သမီးဖြစ်သူ ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ရာထူးပြုတ်ကျပြီးနောက် စက်တင်ဘာ ၄ ရက်နေ့တွင် ဒူဘိုင်းသို့ ကိုယ်ပိုင်လေယာဉ်ဖြင့် ထွက်ခွာသွားသဖြင့် ထပ်မံထွက်ပြေးသွားပြီဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
သို့သော် ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်းတွင် ဘန်ကောက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယနေ့တွင် တရားရုံးသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
ကိုးကား – The Nation Thailand