(ကလေး)၊ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်းပိုင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကလေး – ဂန့်ဂေါကားလမ်းမပေါ်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးလာသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း ရှေ့တန်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

 

အဆိုပါကားလမ်းမပေါ်ရှိ ကြံသာကျေးရွာကို စစ်ကောင်စီ နှင့် ပြည်သူစစ်၊ ပျူစောထီး အင်အား ၂၀၀ ဖြင့် စက်တင်ဘာလ ၅ ရက်နေ့မှစ၍ စစ်ကြောင်း ထိုးစစ်ဆင်လာသည့်အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ ကြံသာရွာကို အင်အားအလုံးရင်း ပြန်လည် ထိုးစစ်ဆင်တိုက်တာပါ။ ကြံသာရွာက အရင် စစ်ကောင်စီ တပ်စခန်းရှိတဲ့နေရာပါ။ ကျတော်တို့က ဒီနှစ်ဧပြီလမှာ သိမ်းပိုက်ထားတာပါ။ အခုအဲဒါ ပြန်ရဖို့ ထိုးစစ်ဆင်နေတာပါ”ဟု ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီသည် ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ ကျေးရွာများတွင် လာမည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြံသာရွာကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က သုံးသပ်ထားသည်။

“စစ်ကောင်စီက ကြံသာရွာကို ထိန်းချုပ်ပြီး ကလေး-ဂန်ဂေါ့ ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေကို ရွေးကောက်ပွဲ ကျင်းပဖို့ ထိုးစစ်ဆင်လာတာဖြစ်ပါ တယ်။ ကြံသာရွာရပြီဆိုရင် ကလေး-ဂန့်ဂေါ ကားလမ်းကိုလည်း ထိန်းချုပ်နိုင်တဲ့အခြေအနေပါ။ အခု အဲနေရာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပါတယ်”ဟု ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့အပြင် စစ်ကောင်စီက ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူရွာဖြစ်သည့် သာယာဝတီကျေးရွာကို Mi-17 ရဟတ်ယာဥ်ဖြင့် တပ်အင်အားများ ဖြည့်တင်းနေကြောင်း သိရသည်။

 

ပုံစာ- ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကြံသာရွာ စစ်ကောင်စီစခန်းတိုက်ပွဲတွင်း သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများကို တွေ့ရစဥ်။