
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
စစ်ကော်မရှင်က ပဲခူးတိုင်းနှင့် ရခိုင်ဒေသ ထိစပ်နေရာများကို အင်အားအလုံးအရင်းပို့ထားပြီး ညောင်ခြေထောက်ရှိ အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) ပါမသွားစေရေး ကြိုးပမ်းနေ ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်(AA) တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် ပန်းတောင်း မြို့နယ်၊ ဆင်လန်ကျေးရွာအနီးနှင့် ညောင်ကျိုးကျေးရွာအနီးတို့တွင် စစ်ကော်မရှင်၏ စုဖွဲ့အင်အား ၁၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။
“ကပစ-၆ ထဲကို စစ်မှုထမ်းဥပဒေနဲ့ ဆွဲထားတဲ့လူတွေကိုလည်းပို့တယ်။ ရန်ကုန်က တပ်ရင်းတွေက အင်အားတွေလည်း ပို့နေတယ်။ လူနာတွေကိုလည်း ရွှေတောင်ဆေးရုံကို ဆက်တိုက်ပို့နေရတယ် စစ်တပ်က”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များဖြစ်သည့် စကခ ၁၇၊ စကခ ၁၄ မှတပ်ရင်းများအပြင် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် ဖမ်းဆီးစစ်သင် တန်းပေးထားသည့် ရဲဘော်သစ်များ စုဆောင်းထားသည့် တပ်ရင်းများကို အသုံးပြုကာ ပဲခူး-ရခိုင်အစပ်သို့ ဆက်တိုက်ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၊ ဆင်လန်ကျေးရွာအနောက်ဘက် ၂ ကီလိုမီတာနှင့် ၁.၇ ကီလိုမီတာအကွာအဝေး နေရာများ၌ လည်းကောင်း ညောင်ကျိုးကျေးရွာ၏ အရှေ့ဘက်မြောက်ဖက် ၂.၅ ကီလိုမီတာအကွာ အဝေး တောင်ကြော၌လည်းကောင်း စစ်ကော်မရှင်က နေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။
AA နှင့် ပူးပေါင်းတပ်ဖွဲ့ကလည်း ကပစ ၆ စက်ရုံအနီးရှိ ဆင်လန်ကာကင်းစခန်းနှင့် လေသာတောင် ကာကင်းစခန်းများကို ဩဂုတ်လ ဒုတိယပတ်မှစ၍ ထိုး စစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
ညောင်ကျိုးနှင့် အနီးတစ်ဝိုက်ရှိ ကာကင်းစခန်းများကို AA နှင့်ပူးပေါင်းတပ်ကထိန်းချုပ်ထားကာ တောင်ကုတ် -ပန်းတောင်းလမ်းပေါ်ရှိ ရိုးပေါ်မှ စစ်ကော်မရှင်စခန်းအချို့ကို AA ကသိမ်းယူလိုက်ပြီး ညောင်ခြေ ထောက်ဘက်ခြမ်းကို စစ်ကော်မရှင်က ထိန်းချုပ်ဆဲအခြေအနေရှိနေကြောင်း သိရသည်။
ညောင်ကျိုးကျေးရွာနှင့် ၄ မိုင်ခန့်သာကွာဝေးသည့် ဆင်လန်ကျေးရွာရှိ စစ်ကော်မရှင်၏ ကာကင်း စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကော်မရှင်သည် ဆင်လန်ကျေးရွာနှင့် ၇ မိုင်ခန့်သာ ကွာဝေးတော့သည့် ကပစ ၆ စက်ရုံတည်ရှိရာ ညောင်ခြေထောက်ဝန်းကျင်ကို စိုးမိုးမှုရယူ ထားနိုင်ရေး အတွက် လူအင်အားတိုးချဲ့ ပို့ဆောင်နေကြောင်း သိရသည်။