
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် စစ်ကော်မရှင်တပ်နှင့် TNLA တပ်များ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်က ရှေ့ဆက်မတက်နိုင်ဘဲ ပိတ်ဆို့ခံထားရကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့က နောင်ပိန်ကျေး ရွာအတွင်းကို ရောက်ရှိနေသည့် စစ်ကော်မရှင်စစ်ကြောင်းနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားကာ TNLA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။
“နောင်ပိန်မှာ တိုက်ပွဲဖြစ်နေတုန်းပါပဲ။ တစ်ဝက်စီဆိုင်ထားတုန်းပါပဲ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာ ဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က ဩဂုတ်လ ၁၉ ရက်နေ့တွင် နောင်ပိန်တိုက်နယ်အတွင်း ဝင်ရောက်နေရာယူလာပြီး စစ်ရေးအရ အရေးပါသည့်နေရာများကို ထိန်းချုပ်လာသည့်အတွက် TNLA တပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နောင်ပိန်တိုက်နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာမှ ဒေသခံသောင်းချီပြီး စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရသည်။
စစ်ကော်မရှင် ထောက်ခံအားပေးသူများက ကျောက်မဲမြို့နှင့် မိုင်အနည်းငယ်သာကွာဝေးသည့် နောင်ပိန်တိုက်နယ်တစ်ခုလုံးကို စစ်တပ်က အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဝါဒဖြန့်ဝေမှုများရှိသည်။
လက်ရှိတွင်မူ TNLA တပ်များက နောင်ပိန်ကျေးရွာအတွင်း ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်များကို ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၆ညရက်နေ့ ညနေက ကျောက်မဲမြို့နယ်အတွင်းရှိ မြောက်ကုန်းရပ်ကွက်ကို စစ်ကော်မရှင်က ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၄ ရက်နေ့ကလည်း ပန်သပြေရွာနှင့် ပန်ကွမ်ရွာကို ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက် ခိုက်ခဲ့သည်။