ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်ရှိ ကျေးရွာအချို့တွင် စားသောက်ကုန်သယ်ယူခွင့်ကိုကန့်သတ်ထားပြီး အုပ်ချုပ်ရေးမှူး ထောက်ခံချက် မပြနိုင်ပါက စစ်တပ်စစ်ဆေးရေးဂိတ်မှ သိမ်းယူနေကြောင်းသိရသည်။

သို့ရာတွင် ရေကြည်မြို့နယ်အနောက်ခြမ်းကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများမှ စားသောက်ကုန်ပစ္စည်းများ စိတ်ကြိုက်သယ်ယူပြီး ပြည်သူများကိုဈေးတင်ကာပြန်လည် ရောင်းချနေသည်ဟုဆိုသည်။

“ရွာတွေမှာအုပ်ကြီးဆီမှာပဲ ၀ယ်လို့ရတယ် အခြားလူတွေ ငါးသိုင်းချောင်းတက်ပြီး ၀ယ်ရင် ဆန်ခြောက်ပြည်ထက် ပိုတင်လို့မရဘူး။ ထောက်ခံစာလုပ်ရင် တစ်စောင်တစ်သောင်းပဲ နို့မို့သယ်လို့မရဘူး စက်သုံးဆီဆိုရင် အကန့်အသတ်နဲ့ပဲသယ်လို့ရတယ်။ အုပ်ကြီးတွေကတော့ကြိုက်သလောက်သယ်လို့ရနေတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် စားသောက်ကုန်၊ စားဆီနှင့်ဆန်များသယ်ယူခွင့်ရရှိရန်အတွက် အုပ်ချုပ်ရေးမှူးများထံမှထောက်ခံစာရရှိရန် တစ်သောင်းကျပ်မှ သုံးသောင်းကျပ်ထိပေးရသည့်အပြင် စစ်ဆေးရေးဂိတ်များတွင် ထောက်ခံစာပြသော်လည်း အချို့ပစ္စည်းများသိမ်းယူခံရကြောင်း သိရသည်။

အဆိုပါဒေသအနီးတွင် ပြီးခဲ့သည့်မတ်လမှစတင်ပြီး အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ကန့်သတ်
ထားခြင်းဖြစ်သည်။