‎ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ရက်

‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်း ပို့လွှတ်ထားသည့် တပ်မ ၉၉ နှင့် တပ်ချိန်း အပြောင်း အလဲလုပ်ခဲ့သည့် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) မှ လက်အောက်ခံ ထုတ်နှုတ် တပ်ရင်းများကို အာရက္ခတပ်တော် (AA) က ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

‎AA ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်၏ စကခ ၁၇မှ တပ်ဖွဲ့ဝင်များသည် ‎ပြီးခဲ့သည့် စက်တင်ဘာ ၆ရက်နေ့နှင့် ယမန်နေ့ စက်တင်ဘာ ၇ရက်နေ့တို့တွင် နတ်ရေကန် ဗျူဟာအနီးတစ်ဝိုက်၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

‎”AAဘက်ကထိုးစစ်ဆင်တိုက်တာမှာ စစ်တပ်ဘက်က သေဆုံးများတယ်။ အရှင်ဖမ်းမိတာတွေ လည်းရှိတယ် ကြားထားပါတယ်” ဟုစစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားရာသို့ Y-12 လေယာဉ်ဖြင့် ညအချိန်အထိ ဗုံးကြဲတိုက်ခိုက် မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

‎ပြီးခဲ့သည့် ရက်ပိုင်းက တပ်မ ၉၉ နှင့် တပ်ချိန်းခဲ့သည့် မိုင်းပန် စကခ ၁၇မှ လက်အောက်ခံ တပ်သားများ တိုက်ပွဲအတွင်း သေဆုံးမှုများပြားပြီး ၂၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြထားသည်။

ထို့အတူ စက်တင်ဘာ ၄ ရက်နေ့က ဖြစ်ပွားသော စွန်တက်အနီးတိုက်ပွဲတွင်လည်း စကခ ၁၇ လက်အောက်ခံ တပ်များ ကစဉ့်ကလျား ထွက်ပြေးရကြောင်း AA က ထုတ်ပြန်ထားသည်။

‎ ပုံစာ-ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်ရှိ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင်တွေ့ရသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)