
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ စက်တင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သော (၄၂) ကြိမ်မြောက် MTV Video Music Awards (VMAs) ဆုပေးပွဲတွင် BLACKPINK အဖွဲ့မှ အဓိကဆုသုံးခု ရရှိခဲ့ကြောင်း သိရသည်။
BLACKPINK အဖွဲ့ဝင် Rosé နှင့် အဆိုတော် Bruno Mars တို့ သီဆိုထားသည့် “APT.” သီချင်းသည် VMAs ၏ အမြင့်ဆုံးဆုတစ်ခုဖြစ်သည့် “တစ်နှစ်တာ အကောင်းဆုံးသီချင်းဆု” (Song of the Year) ကို ဆွတ်ခူးရရှိခဲ့သည်။ ထို့ကြောင့် Rosé သည် K-Pop အနုပညာရှင်များထဲမှ အဆိုပါဆုကို ရရှိသည့် ပထမဆုံးအနုပညာရှင် ဖြစ်လာသည်။
Rosé သည် ဆုလက်ခံစကားပြောကြားရာတွင် “အသက် ၁၆ နှစ်အရွယ်ကတည်းက အိပ်မက်နောက်လိုက်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုနဲ့ ကျွန်မကို အနုပညာရှင်တစ်ဦးအဖြစ် ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တဲ့ လူတိုင်းကို ဒီဆုနဲ့ ဂုဏ်ပြုပေးချင်ပါတယ်။ ဆယ့်နှစ်နှစ်အကြာမှာ ဒီဆုကို ရပါပြီ။ ပရိသတ်တစ်ဦးချင်းစီက ကျွန်မကို ဒီနေရာကို ရောက်အောင် မြှင့်တင်ပေးခဲ့ကြတာပါ” ဟု ပြောကြားခဲ့သည်။
ထို့အပြင် BLACKPINK အဖွဲ့ဝင် LISA သည်လည်း “BORN AGAIN” သီချင်းဖြင့် “အကောင်းဆုံး K-Pop ဆု” (Best K-Pop) ကို ရရှိခဲ့သည်။ ၎င်းသည် LISA အတွက် တတိယမြောက် “အကောင်းဆုံး K-Pop ဆု” ဖြစ်ကြောင်းလည်း သိရသည်။
အဖွဲ့လိုက်အနေဖြင့်လည်း BLACKPINK အဖွဲ့သည် “အကောင်းဆုံးအဖွဲ့ဆု” (Best Group) ကို ဆွတ်ခူးခဲ့ရာ ၎င်းတို့အဖွဲ့အတွက် ဒုတိယအကြိမ်မြောက် ရရှိသည့်ဆု ဖြစ်သည်။ BLACKPINK အဖွဲ့သည် အဖွဲ့လိုက်နှင့် တစ်ဦးချင်းစီအနေဖြင့် VMAs ၏ ဆုပေးပွဲများမှ ဆုစုစုပေါင်း ကိုးဆု အထိ ရရှိခဲ့ပြီဖြစ်သည်။