နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

တရုတ်အစိုးရ ကြားဝင်မှုဖြင့် ကူမင်းမြို့တွင် အာဏာသိမ်း စစ်တပ်နှင့် TNLA တို့တွေ့ဆုံဆွေးနွေးရာတွင် အပေးအယူမတည့်သဖြင့် တွေ့ဆုံပွဲပျက်ပြီး နောက်တစ်ကြိမ်တွေ့ဆုံရန်သာ သဘောတူခဲ့ကြောင့် စစ်ရေး၊နိုင်ငံရေး သတင်းရင်းမြစ်များထံကသိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် စစ်တပ်ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည့် မန်တုံနှင့် နမ့်ဆန်မြို့ကလွဲ၍ အကုန်ပြန်ပေးရန် တောင်းဆိုခဲ့ပြီး TNLA ဘက်က ကျောက်မဲနှင့် သီပေါမြို့တို့ကို ပြန်လည်ပေးမည်ဟု ဆိုသော်လည်း စစ်ကော်မရှင်၏ တောင်းဆိုမှုများကြောင့် တစ်စုံတစ်ရာ သဘောတူညီမှု မရရှိဘဲ ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါထွက်ပေါ်နေသည့် သတင်းများအပေါ် အတည်မပြုနိုင်သေးကြောင်း တအာင်းတပ်မတော် (TNLA)၏ ပြောခွင့်ရ လွေးယေဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

“ဒီတွေ့ဆုံဆွေးနွေးမှုကတော့ မှန်ပါတယ်။ လက်ရှိအချိန်ထိကတော့ ဘာမှအတည်ပြုနိုင်ခြင်း မရှိသေးဘူး။ လောလောဆယ်ကတော့ သွားရောက်တွေ့ဆုံတဲ့ ကိုယ်စားလှယ်တွေကလည်း ပြန်မရောက်သေးဘူး” ဟု လွေးယေဦးက ပြောသည်။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကော်မရှင် အထိနာ စစ်ရှုံးစေလာသဖြင့် ၎င်းထောက်ခံ တရုတ်အစိုးရက ဖိအားပေး၍ ကြားဝင်သည်ဟုဆိုကာ ကူမင်းမြို့၌ TNLA နှင့် စစ်ကော်မရှင်တို့ကို ‌ဩဂုတ် ၂၇ ရက်တွင် တွေ့ဆုံစေခဲ့ခြင်းဖြစ်သည်။

TNLA အနေဖြင့် ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရေး၊ စီးပွားရေးအရ အရေးပါသော နယ်မြေဒေသ စစ်ကော်မရှင်၏ တပ်စခန်းများနှင့် မြို့‌နယ်ပေါင်း ၁၂ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည်။

TNLA သိမ်းပိုက်ထားသည့် မြို့နယ်များမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ခမ်း၊ နမ္မတူ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့ဖြစ်ပြီး လက်ရှိတွင် စစ်ကော်မရှင်က နောင်ချိုကို ပြန်လည်ရရှိထားပြီး မြို့ကြီးအချို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသည်။

ယခုတစ်ကြိမ်ဆွေးနွေးမှု အဆင်မပြေသဖြင့် နောက်တစ်ကြိမ်တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ထပ်မံပြုလုပ်ရန် လာမည့်အောက်တိုဘာ နောက်ဆုံးသတင်းပတ်သို့ ရက်ရွှေ့ချိန်းဆိုထားကြောင်း ပြောဆိုနေကြပြီး ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ထို့အတူ ဦးဆောင်ကြားဝင်သူ တရုတ်အစိုးရအပါအဝင် တက်ရောက် ဆွေးနွေးကြသည့် နှစ်ဖက်အဖွဲ့များဖြစ်သော အာဏာသိမ်း စစ်ကော်မရှင်နှင့် TNLA တို့ကလည်း အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ လက်ရှိအချိန်ထိ တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးကြောင်း သိရသည်။