ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် တပ်သားသစ်စုဆောင်းသည့် အခြေအနေများကြောင့် ထိုင်ဝမ်နိုင်ငံတွင် နေထိုင်ခွင့်အခက်အခဲရှိသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းကို ရပ်တန့်ပေးရန် လူ့အခွင့်ရေးလှုပ်ရှားသည့် အဖွဲ့အစည်း ၅၁ ခုက ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်နေ့တွင် ထိုင်ဝမ်အစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်နိုင်ငံသည် တော်လှန်ရေးလေးနှစ်တာကာလအတွင်း စစ်အုပ်စု၏ အကြမ်းဖက်မှုများခံနေရသည့် မြန်မာပြည်သူများ၏ လုံခြုံရေးကိုကာကွယ်ရန် နေထိုင်ခွင့် သက်တမ်းကုန်ဆုံးသူများကို ထိုင်ဝမ်တွင်ဆက်လက်နေထိုင်နိုင်ရန် ခွင့်ပြုပေးခဲ့သော်လည်း ယခုအခါ စစ်ကော်မရှင်၏ရွေးကောက်ပွဲကြောင့် နိုင်ငံတည်ငြိမ်မှုရရှိကြောင်း ယူဆသည့်အနေဖြင့် ပြည်တွင်းသို့ ပြန်လည်ပို့ဆောင်ရန်စီစဉ်နေကြောင်းလည်း သိရသည်။

“စစ်အုပ်စုက ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ပြောလာတဲ့အချိန်မှာ ထိုင်ဝမ်ရဲ့ လူဝင်မှုကြီးကြပ်ရေး အနေနဲ့က တိုင်းပြည်တည်ငြိမ်ပြီ ပြန်လို့ရပြီဆိုတဲ့ ပုံစံမျိုး ဖြစ်လာတာရှိနေတယ်၊ ရှိလာတဲ့ အပေါ်မှာ အခုလို စာရေးတာ ဖြစ်ပါတယ်” ဟု ရှေ့ပြေးသံအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်ခင်ဥမ္မာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကော်မရှင်သည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှ နေရပ်ပြန်ပို့ခံရသူများကို အတင်းအဓမ္မတပ်သားသစ်စုဆောင်းခဲ့သည့် ဖြစ်စဉ်များစွာရှိခဲ့သည့်အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးက ထုတ်ဖော်ထားသည့် မြန်မာနိုင်ငံဆိုင်ရာလမ်းညွှန်ချက်များမှ နေရပ်ပြန်မပို့ရေးကို ထိုင်ဝမ်အစိုးရအနေဖြင့်လိုက်နာသင့်ကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

ထိုသို့သော အခြေအနေများကြောင့် ထိုင်ဝမ်အမျိုးသားလူဝင်မှုကြီးကြပ်ရေးအေဂျင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အန္တရာယ်ရှိနေသည့်အခြေအနေတွင် မြန်မာပြည်သူများကို နေရပ်ပြန်မပို့ရန်နှင့် ထိုင်ဝမ်အစိုးရကလက်မှတ်ရေးထိုးထားသည့် ကာကွယ်စောင့်ရှောက်ရေးစာချုပ်များအတိုင်း ထိုင်ဝမ်တွင်ဆက်လက်နေထိုင်ခွင့်ပြုရန်လည်း တောင်းဆိုထားသည်။

“ကိုယ့်နိုင်ငံကို ရောက်လာပြီးတော့မှ သူ့နိုင်ငံမှာ နိုင်ငံရေး အခြေအနေ စိန်ခေါ်မှုတွေ အကြမ်းဖက်မှုတွေကြောင့် တိမ်းရှောင်နေရသူတွေကို အတင်းအကြပ် ပြန်မပို့ရဘူးဆိုတဲ့ နိုင်ငံတကာက လိုက်နာပေးရတဲ့ နိုင်ငံတကာရဲ့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု မူတရပ်ဖြစ်တယ်။ အဲဒီမူကို လိုက်နာပေးဖို့ ထိုင်ဝမ် အစိုးရကို တောင်းဆို တိုက်တွန်းရခြင်းဖြစ်ပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ဆက်လက်ပြောကြားသည်။

အဆိုပါတောင်းဆိုချက်များကို ထိုင်ဝမ်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် မြန်မာ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်း ၅၁ ခုမှ ပူးပေါင်းကာ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်းလည်း သွေးစွန်းငွေအဖွဲ့အစည်းထံက သိရသည်။

ဓာတ်ပုံ -အင်တာနက်