ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ အထက်ပေါင်းလောင်းဆည်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေမြင့်တက်လာကာ ကျေးရွာ ငါးရွာခန့်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဒေသခံများမှာ စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

 

အဆိုပါ ရေကြီးမှုသည် ယမန်နေ့ ဩဂုတ် ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေနစ်မြုပ်သည့် အိမ်ထောင်စုအရေအတွက်ကို အတိအကျမသိရှိရသေးသော်လည်း ဒေသခံများကမူ ရေဘေးလွတ်ရာ အိမ်နီးချင်းများနှင့် မိသားစုဝင်များ၏ အိမ်များတွင် ခိုလှုံနေကြောင်း သိရသည်။

“လက်ရှိအခြေအနေက အိမ်ဘယ်နှစ်လုံးနစ်မြုပ်တယ်ဆိုတာ အတိအကျမသိရသေးဘူး။ အိမ်မြင့်တဲ့အိမ်တွေမှာ သွားနေရတယ်။ ရေနဲ့အတူ မြွေတွေ၊ ကင်းတွေလဲ ပါလာနေတော့ အန္တရာယ်ပိုများလာတယ်” ဟု ပေါင်းလောင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အထူးသဖြင့် ဆည်ရေမြင့်တက်မှုကြောင့် 372 မှတ်တိုင်အောက်ရှိ နေအိမ်များတွင် နေထိုင်သူများ ဖြစ်သည့် သက်ကြီးရွယ်အို၊ ကလေးငယ်နှင့် မသန်စွမ်းသူများအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

 

ဒေသခံများ၏ ပြောကြားချက်အရ အထက်ပေါင်းလောင်းဒေသသည် ဆည်တည်ဆောက်ပြီးနောက်ပိုင်း ရေကြီးမှုများကို သုံးနှစ်ဆက်တိုက် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ရေကြီးမှုများကြောင့် အိမ်ဝိုင်းထဲတွင် သီးပင်စားပင်များလည်း စိုက်ပျိုးနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

 

“ကျေးရွာအာဏာပိုင်တွေက အိမ်ဝိုင်းအသစ် မချပေးတော့ တစ်နှစ်ထက်တစ်နှစ် ရေနစ်မယ့် အခြေအနေကို သိသိကြီးနဲ့ပဲ ရေခံနေရတာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

 

လက်ရှိအချိန်အထိ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်း မရှိသေးသလို စားနပ်ရိက္ခာအတွက်လည်း ရှိနေသေးသည့် အစားအသောက်များကိုသာ စားသောက် နေရပြီး ရေထပ်မံတက်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောကြားသည်။

 

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ပင်လောင်းမြို့နယ် အထက်ပေါင်းလောင်းတွင် ရေနစ်မြုပ်နေသည့်မြင်ကွင်း