
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
ပဲခူး၊ ရန်ကုန်အပါအဝင် စစ်ဆင်ရေးများ အရှိန်ဟုန်မြှင့်ရန် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၌ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဩဂုတ် ၂၇ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းများ၊ ဗျူဟာများကို စနစ်တကျ စုဖွဲ့မှုပြုလုပ်၍ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းကာ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖွဲ့စည်းမှုသည် အသစ်မဟုတ်ဘဲ မွန်၊ ကရင်ဒေသများတွင် အခြေပြုစုဖွဲ့ထားသော လက်ရှိတိုက်ပွဲဝင် PDF တပ်ရင်း၊ ဗျူဟာများကို ကွပ်ကဲမှုတစ်ခုတည်းဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တာတန်ရှိသူများထံက သိရသည်။
ထို့အပြင် ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးများအပါအဝင် ရှေ့ဆက်၍ ပိုမိုပြင်းထန်လာမည့် တိုက်ပွဲများအတွက်လည်း ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကာ လက်ရှိတွင် မွန်၊ ကရင်အပြင် ပဲခူးတိုင်းအထိ ထိုးဖောက် တိုက်ပွဲဝင်နေကြောင်း အထူးတိုင်းစစ်ဌာန၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“စိုးမိုးနယ်မြေတွေမှာ စစ်ကော်မရှင်ရွေးကောက်ပွဲ လုပ်တာတွေကိုလည်း ချေမှုန်းသွားမယ်၊ ရှေ့ဆက်ပြီးလည်း ရသလောက် အရှိန်မြှင့်လုပ်ဆောင်သွားမယ်။ EROs နဲ့အတူ ရည်မှန်းချက်အောင်မြင်တဲ့အထိ လက်တွဲတိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါအထူးတိုင်းစစ်ဌာနသည် MOD စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိပြီး အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်ရှိ တိုင်းစစ်ဌာနဖြစ်ကာ စစ်ရေးနှင့် တပ်ပိုင်း ဆိုင်ရာများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည်ဟု သိရသည်။
ယင်းအပြင် နည်းဗျူဟာများ၊ တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များကို ဦးစီးကွပ်ကဲလျက် မဟာမိတ် EROs ၊ LPDF များနှင့်အတူ စစ်ဆင်ရေးများ အရှိန်ဟုန်မြှင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- MOD