ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

 

နေပြည်တော်၊ ပျဉ်းမနားမြို့အရှေ့ဘက် ၂၆ မိုင်ရှိ ပေါင်းလောင်းရေလှောင်တမံ၏ ရေပိုလွှဲမှ ငါးပေခွဲခန့် ရေကျော်ကျသော်လည်း ၎င်းရေများမှာ စစ်တောင်းမြစ်ထဲသို့ စီးဆင်းသွားသောကြောင့် ရေကြီးရေလျှံမှုမရှိကြောင်း စစ်ကော်မရှင်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းနောင်က ပြောသည်။

 

ယမန်နေ့ ဩဂုတ် ၂၇ ရက်က နေပြည်တော်တွင်ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ဖြစ်ပြီး ပေါင်းလောင်းဆည်ရေကြောင့်မဟုတ်ကြောင်း စစ်ကော်မရှင်ဝန်ကြီး ဦးမင်းနောင် ၏ ပြောကြားချက်ကို စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင်ဖော်ပြထားသည်။

သို့သော် ပေါင်းလောင်းရေလှောင်တမံမှ ရေပိုလွှဲရေများသည် စစ်တောင်းမြစ်ထဲ မရောက်မီ ဆင်သေချောင်းနှင့် ငလိုက်ချောင်းတို့ကို ဖြတ်သန်းရသဖြင့် ယင်းချောင်းများတစ်လျှောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများ၏ ပြောကြားချက်အရ သိရသည်။

 

ယမန်နေ့က ရုတ်တရက်ရေကြီးမှုကြောင့် ရေကြီးမှုကြောင့် နေပြည်တော်ရှိ ဇေယျာသီရိ၊ တပ်ကုန်းနှင့် ပျဉ်းမနားမြို့နယ်များတွင် ရေဘေးသင့်ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။ လက်ရှိတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း နုန်းမြေများ ရှင်းလင်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ဆောင် နေရကြောင်းလည်း လူမှုကူညီရေးအဖွဲ့များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ပေါင်းလောင်းရေလှောင်တမံရေပိုလွှဲမှ ၁၁ ဒသမ ၈၇ ပေဖြင့် ၆၈ ရက်ကျော်ရေကျော်ကျချိန်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လူသေဆုံးမှုရှိကြောင်း စစ်ကော်မရှင်ထံမှ သိရသည်။

 

ရှမ်းရိုးမတောင်စွယ်များပေါ်မြစ်ဖျားခံသော ပေါင်းလောင်းမြစ်ပေါ်တွင် ပေါင်းလောင်းရေအားလျှပ်စစ်ထုတ်လုပ်ရေးရေလှောင်တမံနှစ်ခုရှိပြီး မြစ်အောက်ပိုင်းတွင် ဆင်သေချောင်း၊ ငလိုက်ချောင်းတို့နှင့်ပေါင်းဆုံပြီး စစ်တောင်းမြစ်အဖြစ် မုတ္တမပင်လယ်ကွေ့ထဲကိုစီးဝင်ကြောင်းသိရသည်။

 

ဓာတ်ပုံ – MFS