
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် အရက်ဆိုင်တစ်ဆိုင်တွင် ရန်ဖြစ်ရာမှ စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်သားတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းကို မီးသတ်ကန်ထဲ ပစ်ချခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ လယ်ယာ ၁ လမ်း၊ မီးသတ်ကန်အနီးရှိ အရက်ဆိုင်တွင် ရဲတပ်သားနှင့် အရက်ထိုင်သောက်နေသူ အမျိုးသား တစ်ဦးတို့ ရန်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နေ့ခင်း ၂ နာရီလောက်မှာ ရဲကအရက်ဆိုင်ထဲဝင်လာပြီး သောက်နေတဲ့လူနဲ့ရန်ဖြစ်ကြတာ။ ရဲအသတ် ခံရပြီး ရေထဲပစ်ချသွားတာ” ဟု သာကေတမြို့နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသွားသည့် ရဲတပ်သားမှာ တိုင်းရင်းသားကျေးရွာ ဂိတ်ပေါက်စောင့်သည့် ရဲဖြစ်ပြီး အသတ် ခံရပြီးနောက် မီးသတ်ကန်ထဲကိုပါ ပစ်ချခြင်းခံခဲ့ရကြောင်းသိရသည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သတ်ဖြတ်သွားသူအား ဖမ်းဆီးရမိခြင်းရှိမရှိကိုမူ ဧရာ၀တီတိုင်းအနေဖြင့် အတည်ပြု၍မရသေးပေ။
ပုံစာ-သာကေတတိုင်းရင်းသားကျေးရွာ။