ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

 

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပုခက္ကူခရိုင်တပ်ရင်း ၁၇ မှ တော်လှန်ရေးရဲဘော်များသည် ယမန်နေ့ ဩဂုတ် ၂၇ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကာ မြို့ကိုလုံခြုံရေးတင်းကျပ်လိုက်ကြောင်း သိရသည်။

 

“ကားလမ်းတွေပါ ပိတ်ထားတယ်။ မြို့ထဲဘယ်သူမှအပြင်မထွက်ရဲကြဘူး။ ကလေးတွေတော့ လွတ်သွားတယ်ကြားတယ်”ဟု ပုဂံမြို့နေအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုဂံမြို့သစ်၊ ဆင်ဖြူတော်ယွန်းထည်ဆိုင်လမ်းကြားတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်နှင့် တော်လှန် ရေးရဲဘော်တို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်ကြရာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။

 

ယနေ့ ဩဂုတ် ၂၈ ရက်နေ့တွင် ပုဂံမြို့အဝင်အထွက် ဂိတ်များနှင့် သရပါတံခါး၊ အလိုတော်ပြည့်ဘုရား၊ ညောင်ဦးဈေး စသည့်နေရာများတွင် စစ်ကော်မရှင်တပ်က လုံခြုံးရေးတင်းကျပ်စွာ ချထားကြောင်း ဒေသခံများထံမှ သိရသည်။

 

စစ်ကော်မရှင်တပ်သည် ယမန်နေ့ ဩဂုတ် ၂၇ ရက်နေ့က ဆင်ဖြူတော်ဆိုင်လမ်းဘေးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကို သေနတ်များနှင့်တွေ့ရှိသည့် အတွက် လိုက်လံပစ်ခတ်ခဲ့ရာ နာရီနှင့်ချီကြာသည်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

 

ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် တော်လှန်ရေးရဲဘော်သုံးဦးလွတ်မြောက်သွားပြီး ပါလာသည့် ဆိုင်ကယ်တစ်စီး ဆုံးရှုံးမှုရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်ဝန်းကျင်မှစ၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော်ပုဂံကို တင့်ကားများပါသုံး၍ အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ပုံစာ- တင့်ကားပါ စစ်ကော်မရှင် စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဇွန် ၂၃ ရက်က ညောင်ဦး လွန်ကြယ် ထိန်ကန်ရွာ မီးရှို့ခံရစဉ်မြင်ကွင်း။