
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
စစ်ကော်မရှင်က ပြုလုပ်ရန် စီစဉ်နေသော ရွေးကောက်ပွဲအား လက်မခံခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်မည်ကို လက်မခံခြင်းဖြစ်ကြောင်း စစ်ကော်မရှင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ပြောကြားသည်။
သို့သော် ဥပဒေပညာရှင်များနှင့် နိုင်ငံရေးလေ့လာသူများကမူ စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အင်္ဂါရပ်များနှင့် ကိုက်ညီမှုမရှိဘဲ အာဏာရှင်စနစ်ကို ဆက်လက်တည်ဆောက်ရန်သာ ရည်ရွယ်သည်ဟု ပြန်လည်ထောက်ပြထားသည်။
နေပြည်တော်တွင် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေး ပါတီများသည် ဩဂုတ် ၂၆ ရက်နေ့ကတွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာန၏ မေးမြန်းမှုကို ဒေါ်သက်သက်ခိုင်က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာက ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်မှာကို လက်မခံ ဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ ပါတီအနေနဲ့ ရွေးကောက်ပွဲကို ပြည်သူလူထု ပူးပေါင်းပါဝင်ပြီးတော့ မဲထွက်ပေးကြဖို့ တိုက်တွန်းပါတယ်” ဟု PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောသည်။
ယင်းအပြင် တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲစနစ်၊ မဲဆန္ဒနယ် သတ်မှတ်ခြင်းနှင့် ရောက်ရှိရာနေရပ်၌ မဲပေးလိုပါက အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ရမည့်ကိစ္စ၊ ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း PPP ဥက္ကဋ္ဌ ထံမှ သိရသည်။
စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲသည် အာဏာရှင်များ အဓွန့်ရှည်ရေးအတွက် ရည်ရွယ် ပုံဖော်ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသုံးချလုပ်ခြင်းဖြစ်၍ ဒီမိုကရေစီ အင်္ဂါမစုံကြောင်း ဥပဒေပညာရှင် CDM မြို့နယ်တရားသူကြီး ဒေါ်သဥ္ဇာမြက ဆိုသည်။
“ဒီရွေးကောက်ပွဲက မတရားပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအင်္ဂါရပ်ထဲက တခုမျှသာပါ။ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဥပဒေ ပြဌာန်းခွင့်မရှိတဲ့အတွက် ဒီမိုကရေစီမဟုတ်ပါဘူး” ဟု CDM မြို့နယ် တရားသူကြီး ဒေါ်သဥ္ဇာမြက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ကြောင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ရှိမနေသည့် အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်သော ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းသည် ဒီမိုကရေစီကို လက်ခံခြင်းဖြစ်သလို အကြမ်းဖက်စစ်တပ် အုပ်ချုပ်မှုအား လက်မခံသည့်သဘောဖြစ်ကြောင်း ၎င်းက ဆက်လက်ထောက်ပြ သည်။
လက်ရှိတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲအား အပိုင်းလိုက် ပြုလုပ်သွားရန် စီစဉ်နေပြီး စစ်ရေး ပြင်းထန်နေသော ဒေသများအပါအဝင် ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ မြို့နယ် ၁၀၂ မြို့နယ်တို့၌ လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းနေသော စစ်ကော်မရှင်သည် ၎င်းတို့ကိုင်စွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် လိုက်နာခြင်းမရှိသလို လက်အောက်ခံ UEC သည်လည်း ထိုဖွဲ့စည်းပုံနှင့်အညီ ပေါ်ပေါက်လာခြင်းမဟုတ်ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ တာဝန်ခံ ဦးဇော်ရမ်းက ဆိုသည်။
“ဒီမိုကရေစီကို ဒီရွေးကောက်ပွဲက ခေါ်ဆောင်သွားမှာ၊ ဒီမိုကရေစီကို တည်ဆောက်မှာဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဘာလို့ဆို သူတို့အာဏာသိမ်းပြီးနောက်ပိုင်း တစ်ပြည်လုံးမှာ ဖြစ်ပျက်လာတဲ့ အခင်း အကျင်းကို ကြည့်ရင်သိနိုင်တယ်” ဟု ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ တာဝန်ခံ ဦးဇော်ရမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့အာဏာသိမ်းမှု တရားဝင်ဖြစ်စေရန်နှင့် နေ့စဉ်ကျူးလွန်နေသည့် စစ်ရာဇဝတ် မှုများ ပြစ်ဒဏ်လျော့ပေါ့ ကင်းလွတ်ခွင့်ရရန်အတွက် ရွေးကောက်ပွဲ ပြုလုပ်ခြင်းဖြစ်သော်လည်း မည် သူ့အတွက်မှ ထွက်ပေါက်ဖြစ်လာစရာရှိမည်မဟုတ် နိုင်ငံရေးလေ့လာအကဲသူများက ဆိုသည်။
စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးခေါင်းဆောင်များနှင့် လူထုထောက်ခံမှု ရရှိထားသည့် ပါတီများကို ဖမ်းဆီးဖျက်သိမ်းကာ နေ့စဉ်နှင့်အမျှ အရပ်သားများကို ဗုံးကြဲသတ်ဖြတ် နေသောကြောင့် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသား အများ အပြားက ကန့်ကွက်ရှုတ်ချ၍ လက်မခံကြောင်း သိရသည်။
ဓာတ်ပုံ-MOI ၊ လူမှုကွန်ရက်