
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ပုသိမ်မြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့တွင် အီလက်ထရောနစ် မဲပေးစက် ဖြင့် လက်တွေ့စမ်းသပ်မဲပေးပွဲများ ပြုလုပ်နေကြောင်း သိရသည်။
စမ်းသပ်မဲပေးပွဲသို့ လာရောက်ခြင်းမရှိသည့် အရပ် သားပြည်သူများကို ဒဏ်ငွေရိုက်နေပြီး ကြံ့ခိုင်ရေး ပါတီကို မဲထည့်ရန် ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။
“သူတို့က ခေါ်ပြီး ကြံ့ခိုင်ရေးပါတီကိုပဲ ခလုတ်နှိပ်ခိုင်းတယ်။ မလာတဲ့သူတွေကိုလည်း ဒဏ်ငွေ ရိုက်တယ်။ သူတို့လိုချင်တဲ့ ပါတီကိုပဲ မဲပေးဖို့ ဖိအားပေး ခေါ်ပြောခဲ့တာ”ဟု အင်္ဂပူမြို့နေ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ ထူးကြီးခန်းမတွင် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက် နံနက် ၉ နာရီက စတင်ကျင်းပသည့် မဲပေးစက် လက်တွေ့စမ်းသပ် မဲပေးခြင်းကို လာရောက်ကြည့်ရှုရန် ပျက်ကွက်သည့် ကျေးရွာသူ ကျေးရွာသားများကို အုပ်ချုပ်ရေးမှူးဆိုသူက ဒဏ်ငွေ ကျပ် ၁၅,၀၀၀(တစ်သောင်းခွဲ) စီ ဒဏ်ရိုက်ကြောင်း သိရသည်။
ပုသိမ်မြို့နယ်၊ ကြက်ပေါင်တိုက်နယ်၊ ကြက်ပေါင်ကျေးရွာ၊ ပေါ်တော်မူကျောင်းတွင် ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့က မြို့နယ်မဲကော်မရှင်ရုံးက တာဝန်ရှိသူများ လာရောက်၍ မဲပေးစနစ်သရုပ်ပြရန် ကြက် ပေါင်တိုက်နယ်အတွင်းရှိ အုပ်စု ၈ စုမှ ဒေသခံများကို ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီထောက်ခံသူအားကောင်းသည့် ကျေးရွာများကို ချန်လှပ်ကာ မဲပေးရန်မသေချာသည့် ကျေးရွာများမှ ပြည်သူ ၅၀၀ ခန့် မတက်မနေရ လာရောက်ရန်ဆင့်ခေါ်ပြီး ကြံ့ခိုင်ရေးပါတီကိုပေးသည့် မဲခလုတ်ကိုသာ နှိပ်ခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ဟင်္သာတမြို့နယ်၊ ဓမ္ဘီတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃ စုမှ တစ်စုလျှင် လူဦးရေ ၁၅၀ နှုန်းဖြင့် ပြည်သူ ၁၆၀၀ ကျော်ကို ဩဂုတ် ၂၅ ရက်နေ့က ရွေးကောက်ပွဲအတွက် ပြပွဲနှင့် မဲစက်ခလုတ်နှိပ်ရန် ခေါ်ယူခဲ့ကြောင်း သိရသည်။မဲခလုတ်နှိပ်ရာတွင် ကြံ့ခိုင်ရေးပါတီခလုတ်ကိုသာ နှိပ်ရန်ပြသခဲ့ကြပြီး မဲခလုတ်နှိပ်ရာတွင်လည်း စစ်ကော်မရှင်တပ်သားများက စောင့်ကြည့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-MOI