
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
ပြည်တွင်းရှိ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများက အိမ်အရောက်ပို့ဝန်ဆောင်မှုဖြင့် ပစ္စည်းပို့ရာတွင် ကုန်ပစ္စည်းများ ထပ်မံကန့်သတ်ခံရပြီး လက်ခံသူနှင့် ပေးပို့သူ၏ နေရပ်လိပ်စာအပြည့်အစုံ ဖြည့်စွက်ရမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းများထံမှ သိရသည်။
ထို့ပြင် နယ်စပ်ကုန်တင်ယာဉ်များ မထွက်နိုင်သဖြင့် ကုန်သည်များနှင့် ကုန်ပစ္စည်းအဝယ်တော် (supplier) များ ဝယ်ယူထားသောပစ္စည်းများကို ပြည်တွင်းသို့ တင်ပို့ရန် အခက်အခဲများ ကြုံတွေ့ နေရသည်။
စစ်ကော်မရှင်သည် ပြည်တွင်းကုန်ပစ္စည်းပို့ရာ၌ ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းရာ ပဲခူးတိုင်း အနောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နေပြည်တော်နှင့် ပြင်ဦးလွင် မြို့များထံသို့ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန်၊ အလှကုန်၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ဂွမ်းထုပ်များနှင့် ပစ္စည်းအမည်များစွာ ပို့ဆောင်ခွင့်ကို ကန့်သတ်ထားသည်။
ထို့ပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန (FDA ) ခွင့်ပြုချက်မရှိသောစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်များ၊ စာရွက်စာတမ်းများ၊ power bank ၊ လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများအပါအဝင် ဒေသအလိုက်ပေးပို့ရန် ကန့်သတ်ထားသည့်ပစ္စည်းများကို ပို့ဆောင်ပေးမည်မဟုတ်ကြောင်း အိမ်အရောက်ပို့ ဝန်ဆောင်မှုတွင် နှစ်ရှည်ကြာလုပ်ကိုင်နေသည့် Royal Express က ယမန်နေ့ ဩဂုတ် ၂၇ ရက်က ထုတ်ပြန်သည်။
“ နယ်ကအမျိုးတွေဆီကို Royal နဲ့ ပစ္စည်းပုံမှန်ပို့လေ့ရှိတယ်။ အရင်က ပါဆယ်သွားပို့ရင် ပစ္စည်း ဖောက်စစ်တာလောက်ပဲရှိတယ်။ လက်ခံမဲ့သူနာမည်နဲ့ဖုန်းနံပါတ်နဲ့ မြို့နယ်ပါရင်ရတယ်။ ဒါပေမဲ့ အခု နောက်ပိုင်းလိပ်စာအပြည့်အစုံတောင်းတာရှိတယ်။ အခုတော့ပစ္စည်းအမယ်ကန့်သတ်တာပို တင်းကျပ် လာတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အွန်လိုင်းမှတစ်ဆင့် စီးပွားရေးလုပ်ကိုင်သူများနှင့် မိသားစုအချင်းချင်း ပစ္စည်းပို့ဆောင်မှုအတွက် အဓိကအားထားနေရသည့် MGL၊ Royal ၊ Ninja Van၊ Bee ၊ Wepozt Express စသည့် ပို့ဆောင်ရေးလုပ်ငန်းများတွင် ယခုကဲ့သို့ ကန့်သတ်မှုများကြောင့် ပြည်တွင်းကုန်သည်များ အခက် အခဲများစွာ ကြုံတွေ့နေရကြောင်းလည်း သိရသည်။
လက်ရှိတွင်စစ်ကောင်မရှင်က ပြည်တွင်းပို့ဆောင်မှုလုပ်ငန်းများအပြင် နယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်တင်မော်တော်ယာဉ်ကြီးများဖြင့် သယ်ဆောင်မည့်ကုန်များကို ပိတ်ပင်ထားသဖြင့် အသေးစား အရောင်းအဝယ်လုပ်ငန်းများ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ခံထားရမှုကြောင့် မူဆယ်၊ မြဝတီ၊ ဘားအံ၊ တောင်ကြီး မြို့များတွင် ကုန်ပစ္စည်းများစွာ ပိတ်မိနေပြီး အချို့ကုန်ပစ္စည်းများမှာ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ကြောင်း ကုန်ပစ္စည်းပို့ဆောင်သူများထံမှ သိရသည်။
“ကားလေးတွေနဲ့သယ်ရင်တောင် ကျောက်ဂူမှာ ပိတ်မိနေတာတွေရှိတယ်။ ကုန်သည်တွေ အားလုံး ဆိုတော့ ကျပ်သိန်းပေါင်းများစွာ တန်ဖိုးရှိမယ်ထင်ပါတယ်” ဟု ကုန်ပစ္စည်းပို့ဆောင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ အခွန်ဘဏ္ဍာရရှိမှု အားနည်းနေသောကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးမှုများကို ပိုမိုတင်းကျပ်လိုက်ပြီး၊ ဇွန်လမှ စတင်ကာ ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်ဖြင့် တရားဝင်ကုန်သွယ်မှုလမ်းကြောင်း သစ်ကို ဖွင့်လှစ်ထားသည်။
စစ်ကော်မရှင်သည် ဇွန်လပိုင်းစတင်ကာ မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် တရားမဝင် ကုန်ပစ္စည်းဖမ်းဆီးရေးပိုမိုတင်းကျပ်လိုက်ပြီး လာဘ်စားသည့် စစ်ကော်မရှင် အရာရှိ အဆင့်ရှိသူများအပါအဝင် ဝန်ထမ်းများကို ဖမ်းဆီးခြင်း များပြုလုပ်ခဲ့သည်။
ထို့ပြင်တရုတ်ကုန်စည်များသည် လားရှိုး – တောင်ကြီး – ရန်ကုန်ပို့ဆောင်းရေးနှင့် ကျိုင်းတုံမြို့နယ် မှပို့ဆောင်မှုများရှိပြီး ယခုအခါတွင် လမ်းပိုင်းအချို့ ပိတ်ဆို့မှုများရှိကြောင်း ကုန်စည်ပို့ဆောင် သူများထံမှ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်