ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်

အာဏာသိမ်း စစ်ကော်မရှင်က အရပ်သားများကို နည်းလမ်းမျိုးစုံဖြင့် နေ့စဉ် သတ်ဖြတ်နေသော်လည်း လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်း ၂၁ ဖွဲ့တို့က ဂုတ်ထိပ်တံတားကျိုးမှသာ အဆိုပါ ဖြစ်စဉ်ကိုသာ အရေးတယူဖြင့် ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သိရသည်။

စစ်ကော်မရှင်လက်အောက်ခံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က နှစ်ပေါင်း ၁၂၅ နှစ်ရှိ ဂုတ်ထိပ်တံတားကိုဖျက်ဆီးခြင်းသည် အရေးကြီးအဆောက်အအုံကို ဖျက်ဆီးမှုဖြင့် ဥပဒေပုဒ်မ၂(ဂ) ဖြင့်အကြမ်းဖက်မြောက်ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာကလည်း အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း စစ်ကော်မရှင်ဝါဒဖြန့်မီဒီယာမှတစ်ဆင့် ယမန်နေ့ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ စစ်ကော်မရှင် လက်ဝေခံ အရပ်ဘက်အဖွဲ့အစည်းများဖြစ်ကြသည့် မြန်မာသတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) အပါအဝင် အရပ်ဘက် အဖွဲ့အစည်း ၂၁ ခုကလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက စစ်ရေးနှင့်မသက်ဆိုင်သည့် သမိုင်းဝင်ဂုတ်ထိပ် တံတားကို ဖောက်ခွဲဖျက်ဆီးခြင်းအပေါ် ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

“မရယ်ရတဲ့ ဟာသပေါ့။ စစ်အုပ်စုရဲ့ လက်အောက်ခံအဖွဲ့တွေနဲ့ သူတို့ ခြိမ်းခြောက်ပြီး လိုသလို ပုံဖော် စာထုတ်ပြန်ခိုင်းတဲ့အဖွဲ့ တွေဟာလည်း အကြမ်းဖက် စစ်အုပ်စု လိုသလိုအသုံးချ‌နေတဲ့ အဖွဲ့တွေပါပဲ။ အကြမ်းဖက်စစ်အုပ်စု လူသတ်မီးရှို့ ဗုံးကြဲ စစ်ရာဇဝတ်မှု နေ့စဉ်ကျူးလွန်နေတာ တကမ္ဘာလုံး သိပါတယ်” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်ကို ဆက်သွယ်ထားသည့် နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဂုတ်ထိပ်တံတားမှာ ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့က ကျိုးကျပျက်စီးခဲ့ပြီး စစ်ကော်မရှင်ဘက်မှ TNLA တပ်ဖွဲ့ကို စွပ်စွဲထားကာ TNLA မှလည်း တံတားကျိုးကျချိန်တွင် အနီးဝန်းကျင်၌ စစ်တပ်သာရှိကြောင်း ချေပပြောဆိုထားသည်။

စစ်ကော်မရှင်သည် လက်ရှိတွင် ရွေးကောက်ပွဲကိုအကြောင်းပြု၍ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသများကို အပြင်းအထန်ထိုးစစ်‌‌ဆင်နေပြီး နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မော်ချီး၊ မြောက်ဦး စသည့်မြို့များရှိ အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းမှဗုံးကြဲနေသည့်အတွက် အစုလိုက် အပြုံလိုက် သေဆုံးခြင်းများလည်း ဖြစ်ပွားလျက်ရှိသည်။

ထို့ပြင် စစ်ကော်မရှင်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်လုပ်ရပ်များတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ကာ သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်သတ်ဖြတ်ခြင်း၊ လက်နက် ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှဗုံးကြဲချတိုက်ခိုက်ခြင်း၊ ‌‌‌‌‌‌‌‌‌‌‌‌‌နေအိမ်မီးရှို့ ဖျက်ဆီးခြင်းများ စသည့် တို့ ပါဝင်နေသည်။

နေ့စဉ်နှင့်အမျှ အရပ်သားများကို သတ်ဖြတ်နေသည့် စစ်ကော်မရှင်၏ လုပ်ရပ်များအပေါ်တွင်မူ အသံမထွက်ခဲ့ကြခြင်းကြောင့် လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဖက်အဖွဲ့အစည်း ၂၁ ဖွဲ့အပေါ်တွင် အရပ်သားပြည်သူများ၏ ဝေဖန်မှုများကလည်း မြင့်တက်လျက်ရှိသည်။

“နေ့စဉ်နဲ့အမျှ အရပ်သားတွေ သတ်ဖြတ်ခံနေရတာ၊ ရွာတွေ မီးရှို့ခံနေရတာကို ဒီအဖွဲ့အစည်းတွေက ဘာလို့အသံမထွက်ခဲ့တာလဲ။ လူတွေရဲ့အသက်နဲ့ တံတားရဲ့တန်ဖိုးကို ဘယ်လို နှိုင်းယှဉ်ရမလဲ။ အခုလို အသံထွက်လာတာဟာလည်း တကယ်တမ်း လူ့အခွင့်အရေးကို တန်ဖိုးထားတာလား၊ လိုအပ်လို့ အသုံးချခံလိုက်တာလားဆိုတာ အရမ်းကို ရှင်းပါတယ်” ဟု ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဂုတ်ထိပ်တံတား ကျိုးသည့်အပေါ် ရှုတ်ချကန့်ကွက်ခဲ့ကြသည့် အဖွဲ့အစည်းများမှာဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ တို့ပါဝင်ကြောင်း သိရသည်။

ထပ်မံ၍ မြန်မာ့ငြိမ်းချမ်းရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအဖွဲ့၊ အိန္ဒိယ-မြန်မာအပြည် ပြည်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာ-ရှိအာဟ် မွတ်စ်လင်စ် ဘာသာရေးအဖွဲ့၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာ နိုင်ငံဂီတအစည်းအရုံးစသည့် အဖွဲ့အစည်းများကလည်း ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

လေး နှစ်ကျော် ကာလအတွင်း အာဏာသိမ်း စစ်တပ်၏ လုပ်ရပ်များကြောင့် ပြည်သူပေါင်း ၇,၁၄၉ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း ယနေ့ဩဂုတ် ၂၇ ရက်နေ့တွင်ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အစီရင်ခံစာအရသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်