
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တပ်ရင်းများမှနေ၍ AA ထိန်းချုပ်နယ်မြေအချို့ကို လက်နက်ကြီးများဖြင့် စစ်ကော်မရှင်က ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၂၆ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းကျေးရွာကို စစ်ကော်မရှင်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
ထို့အပြင် စစ်တွေပင်လယ်ပြင်မှနေ၍ စစ်သင်္ဘောများ ကင်းလှည့်လျက်ရှိကြောင်း သိရသည်။
“စစ်တွေတပ်ရင်းတွေကနေ ပုဏ္ဏားကျွန်းနဲ့ပေါက်တောဘက်ကို အဓိကပစ်ခတ်နေတယ်။ Navy တွေကလည်း စစ်တွေကမ်းခြေနားထိကပ်လာပြီး ကင်းလှည့်တာတွေ လုပ်နေပါတယ်”ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တွေမြို့တောင်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်နှင့် စစ်တွေမြို့ပတ်ဝန်းကျင် ကုလားတန်မြစ်ကြောင်းတစ်လျှောက်တွင် စစ်သင်္ဘော ၁၀ စီးထက်မနည်း နေရာယူလှုပ်ရှားလျက်ရှိကြောင်း သိရသည်။
အဆိုပါ Navy များမှ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်များကို ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့မှစတင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တွေမြို့အခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်း ၊ အမတ ၃၇၃၊ ခလရ ၂၀ နှင့် ခလရ ၂၃၂ တို့မှလည်း လက် နက်ကြီးများဖြင့် ပတ်ဝန်းကျင်မြို့နယ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့တွင် စစ်ကော်မရှင်က မင်းပြားမြို့နှင့် ပေါက်တောမြို့နယ်တို့ကို လေ ကြောင်းမှ ဗုံးကြဲခဲ့ပြီး ဩဂုတ် ၂၅ ရက်နေ့က မြောက်ဦးမြို့နယ်ကို ပေါင် ၅၀၀ ဗုံးများကြဲချခဲ့ရာ အရပ်သား ၁၁ ဦးသေဆုံးပြီး ၂၀ ကျေယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။