
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
ယခုကျင်းပမည့် ရွေးကောက်ပွဲမှအပ နောက်လာမည့် ရွေးကောက်ပွဲများအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် တက္ကသိုလ် သို့မဟုတ် ကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိသူသာဖြစ်ရမည်ဟု စစ်ကော်မရှင်က မူဝါဒအသစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ဩဂုတ်လ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီ ၆၁ ပါတီနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပါတီများအနေဖြင့် ဘွဲ့ရ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်ဟု ဆိုသည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁) အတွက်မူ ကိုယ်စားလှယ် လောင်းများ၏ ပညာအရည်အချင်းကို အထက်တန်း (၁၀တန်းအဆင့်) အဆင့်ရှိသူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
လက်ရှိသတ်မှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဆက်လက်လက်ခံသွားမည်ဖြစ်သည်။
ထို့ပြင် ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များကို မဲအများဆုံးရသူအနိုင်ရစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ရောနှောကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-USDP
ပုံစာ-စစ်ကော်မရှင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကိုတွေ့ရစဉ်။
#၁၀တန်းအဆင့် #ဘွဲ့ရ #ကိုယ်စားလှယ် #ခွင့်ပြုမည် #တပ်မတော်သားကိုယ်စားလှယ် #၂၅ရာခိုင်နှုန်း #Ayeyarwaddy_Times