ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဩဂုတ် ၂၇ ရက်

 

ချင်းပြည်နယ်၊ မတူပီမြို့နယ်၏ MRO/CDF-မတူပီ(မတူပီတောလှန်ရေးအဖွဲ့ချုပ်)က လုံခြုံရေးအခြေအနေကြောင့် ခေတ္တပိတ်ပင်ခဲ့သော ကုန်သွယ်ရေးလမ်းများကို ဩဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

 

MRO/CDF-မတူပီသည် မတူပီမြို့နယ်၏ ကုန်သွယ်ရေးလမ်းကြောင်းများကို ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့မှ စတင်၍ ယာယီပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဖွင့်ပေးမည်ကို ယနေ့ ဩဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

အဆိုပါကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ပင်မှုကြောင့် ​မတူပီမြို့နယ်တွင် ကုန်သွယ်ရေးများခေတ္တရပ်တန့်ခဲ့ရပြီး ဒေသခံများ အခက်အခဲအချို့ကြုံတွေ့ခဲ့ကြောင်း သိရသည်။

“မြို့အဝင်/အထွက်ပိတ်တုန်းက ကျန်းမာရေးကိစ္စရော ကုန်သွယ်ရေးအခြေအနေရော အကုန်ရပ်တန့်သွားတဲ့အတွက် ဒေသခံတွေ အခက်အခဲကြုံကြတယ်။ လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ဝယ်မယ်ဆိုရင်လည်း ရေဇွာမြို့အထိ သွားရောက်ပြီမှ ဝယ်ရတယ်။ အခုလမ်းပြန်ဖွင့်ပေးတော့ အခက်အခဲတချို့တော့ ပြေလည်သွားမယ်လို့ ထင်ပါတယ်” ဟု မတူပီမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

MRO/CDF-မတူပီ၏ ထုတ်ပြန်ချက်ထဲတွင် ယာဥ်မောင်းများ၊ ယာဥ်ပိုင်ရှင်များ လိုက်နာရမည့် စည်းမျဥ်း၊ စည်းကမ်းများပါဝင်ပြီး မိုးရာသီ ကားလမ်း​အခြေအနေအရ အိမ်စီးကားနှင့် ကားလေး(ယာဥ်သေး)သာ ဖြတ်သန်းကြရန်၊ ကားကြီးများဝင်/ထွက် သွားလာခွင့်မပြုရန်(FORLANDနှင့်အထက် ယာဥ်ကြီးများဖြတ်သန်းသွားလာခွင့်မပြုပါ)နှင့် မတူပီဒေသအတွင်း ရောင်းချမည့် ကုန်များကိုသာ ယာဥ်ကြီး (FORLAND)ဖြင့် သယ်ဆောင်ရမည်ဟု ဖော်ပြထားသည်။

 

ထို့အပြင် ရောင်းရန် ကုန်ပစ္စည်းများအားလုံးကို ကုန်စည်ခွန်ပေးဆောင်ရမည်ဖြစ်ပြီး ထုတ်ပြန်ထားသော ကုန်သွယ်ရေးစည်းမျဥ်းများကို လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း MRO/CDF-မတူပီက အသိပေးထားသည်။

 

ဓာတ်ပုံ-MRO/CDF-မတူပီ။