
စစ်ကော်မရှင်၏ မူဝါဒအသစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းပြီး ကုန်ဈေးနှုန်းကြီးမြင့်နိုင်
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
စစ်ကော်မရှင်သည် ၎င်းတို့အခွန်ကြီးကြပ်နိုင်ခြင်းမရှိသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ပင်လိုက်ပြီးလေကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် အခွန်ပေးဆောင်ပြီးမှသာ ကုန်ပစ္စည်းတင်သွင်း ရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။
လက်ရှိကုန်သွယ်ရေးကဏ္ဍတွင် စစ်ကော်မရှင်က အခွန်မရနိုင်သည့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်လိုက်ပြီး လေကြောင်းပို့ဆောင်မှုကို အခွန်ပေးဆောင်ရန် ကန့်သတ်လိုက်ခြင်းကြောင့် ကုန်သည်များ အခက်အခဲကြုံနေရပြီး ဈေးကွက်အတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေး လေ့လာသူများက သုံးသပ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ အလှကုန်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများပါဝင်သည့် တစ်ကိုယ်ရည်သုံး ပစ္စည်းများကို လေကြောင်းဖြင့် တင်သွင်းရာတွင် အခွန်မရရှိသောကြောင့် ယခုကဲ့သို့ ကန့်သတ်လိုက် ခြင်းဖြစ်ကြောင်း ကုန်စည်လုပ်ငန်းရှင်များက ဆိုသည်။
စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဝတ်အထည်၊ အိတ်၊ အလှကုန်၊ ဖိနပ်၊ နာရီနှင့် ချောကလက်စသည့် ပစ္စည်းများကို လိုင်စင်မလိုအပ်ဘဲ အကောက်ခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင်ပြီး တင်သွင်းနိုင်ပြီဖြစ်သည်။
သို့သော် ဆေးဝါး၊ အစားအသောက်၊ ဒရုန်းနှင့် အပင်စသည့် ပစ္စည်းများအတွက်မူ သက်ဆိုင်ရာ ဦးစီးဌာန၏ ထောက်ခံချက် လိုအပ်ကြောင်း စစ်ကော်မရှင်က တင်းကျပ်ထားသည်။
“ ကုန်လမ်းကြောင်းပိတ်ကုန်တော့ အရင်ရက်ပိုင်းက လေကြောင်းနဲ့သယ်ရင် လေဆိပ်မှာ ပိုက်ဆံပေး ရုံပဲ။ အခုကျတော့ အခွန်သီးသန့်ဆောင်ရတာနဲ့ ပစ္စည်း မြန်မြန်ထုတ်နိုင်ဖို့ လာဘ်ပေးရတာနဲ့ ကုန်ကျစရိတ်တွေ တက်လာတယ်” ဟု ရန်ကုန်ရှိ အွန်လိုင်းအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိအခြေအနေတွင် ကုန်သွယ်မှုအခက်အခဲများကြောင့် ပြည်တွင်းရှိ လက်ကားရောင်းချသည့် အွန်လိုင်းလုပ်ငန်းရှင်များ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးချိန်တွင် အဝတ်အထည်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများကို တစ်နိုင်တစ်ပိုင် ရောင်းချနေသော လက်လီ အွန်လိုင်း ရောင်းချသူများ အလုပ် ရပ်ဆိုင်းရမည့် အခြေအနေဖြင့် ကြုံတွေ့နေရကြောင်း ၎င်းတို့က ဆိုသည်။
ထို့ပြင် စစ်ကော်မရှင်က ဆေးဝါးပစ္စည်းများ၊ လူသုံးကုန်အမျိုးမျိုး၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ကုန်ကြမ်း ပစ္စည်း များကို အခွန်ပေးဆောင်ပြီး လိုင်စင်ခွင့်ပြုချက်ရမှ တင်သွင်းရန်ကန့်သတ်ထားသဖြင့် ဈေးကွက် အတွင်းကုန်ပစ္စည်းရှားပါးမှု ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်နိုင်မည်ဟု စီးပွားရေးလေ့လာသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။
လက်ရှိတွင် မြန်မာ – ထိုင်းနယ်စပ်ဂိတ်ကို စစ်ကော်မရှင်က တရားဝင်ပိတ်ထားသော်လည်း သောင်းရင်း မြစ်တစ်ကြောင်းတစ်လျှောက်တွင် အခွန်ရှောင်တင်သွင်းနိုင်သည့် လမ်းကြောင်းများရှိနေဆဲဖြစ်ပြီး စစ်ကော်မရှင်သည် ထိုင်းနှင့် ကုန်သွယ်မှုအသစ်တစ်ခုအဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန် နာစနစ်ဖြင့် ပို့ကုန်/သွင်းကုန်လိုင်စင်များကို ယမန်နှစ် ဇွန်လမှစတင်ကာ ခွင့်ပြုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်