
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ကိုး ခုမှ မြန်မာဒုက္ခသည် ၄၂,၀၀၀ ကျော်ကို ထိုင်းအစိုးရက အလုပ်လုပ်ကိုင်ခွင့်ပေးခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်ကို ဩဂုတ် ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အလုပ်လုပ်ကိုင်ခွင့်ရရှိသူများသည် မယ်ဟောင်ဆောင်၊ တက်ခ်၊ ကန်ချနာဘူရီ၊ ရတ်ချာဘူရီ ခရိုင်တို့ရှိ မြန်မာဒုက္ခသည်စခန်း ကိုး ခုမှ ဒုက္ခသည်များဖြစ်ပြီး သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးဌာနများတွင် နာမည်စာရင်းသွင်းထားပြီဖြစ်ကာ အလုပ်လုပ်ကိုင်ခွင့် တစ်နှစ် အထိ အထူးခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တိုက်ပွဲများကြောင့် နေရပ်ပြန်သွားကြသည့် ကမ္ဘောဒီးယား အလုပ်သမား ၃၀,၀၀၀ ခန့်၏ နေရာတွင် အစားထိုးရန် ရည်ရွယ်ပြီး ယခုကဲ့သို့ အလုပ်လုပ်ကိုင်ခွင့် ပေးခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်လုပ်ကိုင်လိုသူများမှာ စခန်းမှထွက်ခွာခွင့် နှင့် အလုပ်လုပ်ခွင့်လျှောက်လွှာများ တင်ပြရန် လိုအပ်ပြီး အလုပ်သမားဥပဒေအရလိုအပ်သည့် လျှောက်လွှာများနှင့် အလုပ်ပါမစ် အခကြေးငွေများ ပေးဆောင်ရန်လိုအပ်သော်လည်း ငွေကြေးသက်သာစေရန် ပထမဆုံး အလုပ်လုပ်သည့် နှစ်တွင် အလုပ်ပါမစ်ကြေးကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများတွင် နိုင်ငံခြားသားလုပ်သားအင်အား အများအပြားလိုအပ်ပြီး ကမ္ဘောဒီးယားအလုပ်သမားများ ထွက်ခွာမှုကြောင့် စိုက်ပျိုးရေး၊ ရေလုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့မှာ သိသာစွာထိခိုက်မှုများ ပေါ်ပေါက်လာကြောင်းလည်း သိရသည်။
လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှာ နိုင်ငံတကာမှ ငွေကြေးအကူအညီများ သိသာစွာလျော့ချခြင်းခံခဲ့ရသည့်အတွက် နေရပ်စွန့်ခွာလာသည့်ဒုက္ခသည်အများအပြားမှာ စားဝတ် နေရေးနှင့် ကျန်းမာရေးအခက်အခဲများကို ကြုံတွေ့နေရကြောင်းလည်း သိရသည်။