
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
တိုင်ဖွန်းမုန်တိုင်း ကဂျိကိ၏ အကြွင်းအကျန် လေပွေလှိုင်းများသည် လာမည့် ၁၂ နာရီအတွင်း မြန်မာနိုင်ငံကို ဖြတ်ကျော်မည်ဖြစ်၍ ရှမ်း၊ နေပြည်တော်၊ မန္တလေးနှင့် မကွေးတိုင်းတို့အပါအဝင် တစ်နိုင်ငံလုံးနီးပါး မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ထံမှ သိရသည်။
အပူပိုင်းမုန်တိုင်းကဂျိဂိသည် လေဖိအားနည်းဆဲလ်အဖြစ်အားလျော့သွားကာ ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသများ ထံဖြတ်ကျော်နေ၍ ဆက်လက်ရွေ့လျားပြီး လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံသို့ ရွေ့လျားခြင်းဖြစ်ကြောင်း မိုး/ဇလ က ယနေ့ ဩဂုတ် ၂၇ ရက်တွင် ထုတ်ပြန်သည်။
လေပွေလှိုင်း၏အရှိန်ကြောင့် ယနေ့ ဩဂုတ် ၂၇ ရက်မှစတင်၍ ဩဂုတ် ၂၉ ရက်အထိ မြန်မာ တစ်နိုင်ငံလုံး နေရာစိပ်စိပ်မှ နေရာအနှံ့အပြားအထိ မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင် သည်ဟု မိုး/ဇလက ဆိုသည်။
လက်ရှိတွင် ရုတ်တရက်ရေကြီးမှုကြောင့် နေပြည်တော်၊ တပ်ကုန်းမြို့၊ ဇေယျာသီရိမြို့ နယ်၊ ခေတ်အေးရွာ မော်တော် ကားလမ်းမကြီးပေါ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး နဝင်းချောင်းမှ ရေများ ဆင်သေချောင်းသို့ရောက်ရှိနိုင်ကြောင်း သိရသည်။ ညောင်ပင်သာနှင့် ဗျိုင်းအင်းကျေးရွာရှိ နေအိမ်အချို့တွင် ရေဝင်ရောက်မှုများရှိခဲ့ရာ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေ ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ထို့ပြင်လေပွေလှိုင်းရွေ့လျားတွင်ပါဝင်သော ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း ရေမြင့်တက်နေကာ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း စိုးရိမ်အမှတ်ကို ကျော်လွန်မည်ဖြစ် ကြောင်း မိုး/ဇလ က ဆိုသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်တောင်းမြစ်ရေသည်လည်း စိုးရိမ်မှတ်အောက် ၂ ပေခန့်ရောက်ရှိနေပြီး ၂ ရက်အတွင်း စိုးရိမ်မှတ်ကျော်လွန်နိုင်ဖွယ်ရှိနေသည်။
မိုး/ဇလ၏ အကြံပြုချက်အရ မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်သဖြင့် မြစ်ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် ကြိုတင်သတိပြုကာ အချိန်မီရှောင်ရှားကြရန် လိုအပ်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ၊ လူမှုကွန်ရက်
ပုံစာ – နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ယနေ့ ဩဂုတ် ၂၇ ရက်နေ့ ရေကြီးမှုမြင်ကွင်း၊