
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းမှနေ၍ စစ်ကော်မရှင်က အနီးနားကျေးရွာများကို လက်နက်ကြီး များဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံများ ထိခိုက်မှုရှိကြောင်း သိရသည်။
ဖားကန့်ဗျူဟာကုန်းမှ ယမန်နေ့ ဩဂုတ် ၂၆ ရက် ည ၁၂ နာရီကျော်ခန့်တွင် လက်နက်ကြီးကျည်များ ပစ်ခတ်ရာ ဆွတ်အိန်ယာန်ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ကြောင်းထိုးလာတဲ့ အဖွဲ့တွေရော ဗျူဟာကုန်းကနေပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်။ ဒဏ်ရာရတဲ့သူတွေရှိသလို သေဆုံးသွားတဲ့သူတွေလည်း ရှိပါတယ်။ ဒီနေ့ မနက်အထိ လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ”ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် အတွက် အမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦးတို့ ကျည်စထိမှန်ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့ကလည်း မှော်ဝမ်းကျေး ရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပန်းတင်တံတားနှင့် ဈေးအနီးရှိ အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်အတွင်းရှိ အမှိုက်ပုံ၊ ရှရော်ခ၊ မှော်မောင်းကုန်း၊ မော်မောင်းလျှံကျေးရွာများတွင် စစ်ကော်မရှင်နှင့် KIA တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကော်မရှင် စစ်ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ကို KIA က ဖမ်းဆီးရမိခဲ့ရာ အများစုသည် မူးယစ်ဆေးသုံးစွဲထားပြီး ဆေးကြောင်နေသူများပင်ရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်။